၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ ကိုလံဘီယာအသင်းက ဂါနာ အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မစ်ဆိုရီပြည်နယ်၊ ကန်းဆပ်စီးတီးကွင်းမှာ ဇူလိုင် ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ကိုလံဘီယာအသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို ဂျွန် အာရီယပ်စ်က ပထမပိုင်း ပွဲချိန် ၁၅ မိနစ်မှာပဲ သွင်းယူပေးခဲ့တာပါ။
ဂါနာအသင်းဟာ ဒုတိယပိုင်းမှာ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ အန်တွမ် ဆီမန်ယိုကလွဲလို့ ကျန်တဲ့ကစားသမားတွေကတော့ ကိုလံဘီယာကို တကယ်တမ်း ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ဘဲ ကိုလံဘီယာအသင်းကတော့ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့လို့ ထိုက်ထိုက်တန်အနိုင်ရခဲ့တာပါ။
ဒီပွဲမှာ ကိုလံဘီယာအသင်းဟာ ဂိုးပေါက်တည့်ကန်ချက်တွေ ၈ ကြိမ်လောက် ပြုလုပ်နိုင်ခဲ့ပြီး အဓိက ကစားသမားတယောက်ဖြစ်တဲ့ လူဝစ် ဒီယက်ဇ်ကတော့ အခွင့်အရေးတွေရခဲ့သလို တဂိုးသွင်းခဲ့ပေမဲ့ ဒိုင်ကခွင့်မပြုဘဲ ပယ်ဖျက်ခံခဲ့ရပါတယ်။
ဒီပွဲမှာ အနိုင်ရတဲ့ ကိုလံဘီယာအသင်းဟာ နောက်တဆင့် ၁၆ သင်းရှုံးထွက်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းနဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ဇူလိုင် ၇ ရက်နေ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။











