DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် Covid Call Center ဖွင့်လှစ်ကူညီနေ
DVB
·
August 21, 2021
ရခိုင်ပြည်နယ်တွင် Covid Call Center ဖွင့်လှစ်ကူညီနေ
Donate to DVB

ရခိုင်ပြည်သူပြည်သားတွေ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့  သတင်းတွေကို မှန်မှန်ကန်ကန်သိရှိနိုင်ဖို့နဲ့ အကူအညီတောင်းခံနိုင်ဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည် Covid Call Center တခုကို ဖွင့်လှစ်ကူညီနေပါတယ်။ 

ကိုဗစ်-၁၉ တတိယလှိုင်း၊ အသွင်ပြောင်းဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံက ဒေသအသီးသီးလိုပဲ ရခိုင်ပြည်နယ်တခုလုံးကို ကူးစက်ပြန့်ပွားနေချိန်မှာ ဒီ  Call Center ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

ရခိုင်သားတိုင်းနားလည်ဖို့အတွက်  ဖုန်းနံပါတ်က 09-779 778 880 ကို ၂၄ နာရီပတ်လုံး ရခိုင်ဘာသာစကားနဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

ဒီဖုန်းနံပါတ်ကို ဆက်ပြီး ခေါ်ဆိုတဲ့အခါ အနီးပတ်ဝန်းကျင်က ဆရာဝန်တွေ၊ အရေးပေါ် လူနာတင်တင်ကားတွေ၊ အောက်စီဂျင်ရရှိနိုင်တဲ့နေရာတွေ၊ အောက်စီဂျင် မရနိုင်ခင် အချိန်မှာလုပ်ကိုင်ရဖို့နည်းလမ်းတွေ၊ ရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကာကွယ်ဖို့ နည်းလမ်းတွေကို သိရှိ၊ ရရှိနိုင်မှာဖြစ်ပါတယ်။ 

လိုင်းခွဲတွေထဲမှာ အော်ပရေတာတွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ အတွက် နံပါတ် (၀)ကို နှိပ်ရန်၊ ရောဂါလက္ခဏာနဲ့ ကူးစက်တတ်တဲ့နည်းလမ်းတွေကို သိချင်ရင် နံပါတ် (၁)ကို နှိပ်ရန်၊ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို သိဖို့အတွက်နံပါတ် (၂)ကို နှိပ်ရန်၊ အောက်စီဂျင် ကျပါက ပြန်တက်လာအောင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေအတွက် နံပါတ်(၃) ကိုနှိပ်ရန်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြောဆိုဖို့ နံပါတ် (၄)ကို နှိပ်ရန်၊ အရေးပေါ်ကားတွေကို ခေါ်ဖို့ နံပါတ် (၅)ကိုနှိပ်ပါ၊ အောက်စီဂျင် ရရှိနိုင်မယ့်နေရာတွေကို သိချင်ပါကနံပါတ် (၆)ကို နှိပ်ရန်၊ အရေးပေါ် အစားအသောက် အခက်အခဲရှိရင် ခေါ်နိုင်မယ့် ဖုန်းနံပါတ်တွေ သိဖို့အတွက် နံပါတ် (၇)ကို နှိပ်ပါ၊ လှူဒါန်းလိုပါက ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို သိဖို့အတွက် နံပါတ် (၈) ကို နှိပ်ရန်တို့ဖြစ်ပါတယ်။ 

ဒီစင်တာကို “Blue Ocean Operating Management”၊ “We ❤ Rakhine” နဲ့ “Sittwe Oxygen Plant (S.O.P)” တို့ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။

တာဝန်ရှိသူတဦးဖြစ်တဲ့ ခိုင်ကောင်းစံက “အဓိကကတော့ ကိုဗစ် တတိယလှိုင်းမှာဆိုရင် မြို့နယ်တိုင်းလိုလိုမှာ သေဆုံးမှုတွေ ပိုများလာတယ်။ နောက်ပြီးတော့ အစိုးရကိုယ်တိုင်က ဒီလို Call Center တွေ လုပ်နိုင်ခြေမရှိဘူးပေါ့။ အခုအစိုးရဆိုရင်တော့ ပိုပြီးတော့ ဆိုးတာပေ့ါ။ စီမံခန့်ခွဲမှုတွေ ယိုယွင်းနေတဲ့အချိန်မှာတော့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတဲ့ ဒီအဖွဲ့တွေကတော့ Call Center လုပ်ဖို့ လိုအပ်တာပေါ့နော်။”လို့ပြောပါတယ်။

လတ်တလောမှာ အချက်တော်တော်များများကို ဆောင်ရွက်နိုင်ပေမဲ့ ရိက္ခာထောက်ပံ့မှုကိုတော့ အနည်းအကျဉ်းပဲ ထောက်ပံ့နိုင်သေးတယ်လို့ဆိုပါတယ်။  

လွန်ခဲ့တဲ့သီတင်း နှစ်ပတ်ခန့်က ရခိုင်ပြည်နယ်တွင်းက မြိုနယ် ၁၇ မြို့နယ်စလုံးမှာ ကူးစက်မှု၊ သေဆုံးမှု နှုန်းထားတွေ မြင့်မားခဲ့ပြီး အများအားဖြင့် စစ်တွေ၊ မင်းပြား၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်စတဲ့မြိုနယ်တွေမှာ ပိုမိုသိသာကြောင်းနဲ့ လက်ရှိမှာတော့ သေဆုံးနှုန်းတွေ၊ ကူးစက်နှုန်းတွေကတော့ တော်တော်လေး ကျဆင်းလာတယ်လို့ဆိုပါတယ်။ 

“ကျလာတဲ့အကြောင်းရင်းကတော့ အထူးသဖြင့်ကတော့ အစိုးရရဲ့ စီမံမှုကြောင့် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ ထုတ်ပြန်ချက်တွေပေါ့နော်။ သူက Stay At Home နေဖို့ ၁၄ ရက် နှစ်ကြိမ်လုပ်ခဲ့တယ်၊ အခု မနေ့တနေ့ကမှ တကြိမ် ထပ်တိုးတာပေါ့၊ တပတ်ပဲ ထပ်တိုးတာပေါ့။ အဲဒီအပေါ်မှာ ပြည်သူလူထုတွေ လိုက်နာမှုက အားကောင်းလာတယ်။ ကိုဗစ်လူနာတွေရော၊ ပိုးတွေ့လူနာတွေရော၊ ဖျားနာတဲ့လူတွေ တော်တော်ကျသွားတာကို တွေ့ရတယ်ပေ့ါလေ သေဆုံးနှုန်းက အစ” လို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013