DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးရန်ပုံငွေအတွက် ဆောင်းဦးလှိုင် တကိုယ်တော်ဖျော်ဖြေပွဲ အမေရိကန်တွင် ကျင်းပမည်
DVB
·
August 19, 2021
တော်လှန်ရေးရန်ပုံငွေအတွက် ဆောင်းဦးလှိုင် တကိုယ်တော်ဖျော်ဖြေပွဲ အမေရိကန်တွင် ကျင်းပမည်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုတော် ဆောင်းဦးလှိုင်ရဲ့ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆောင်းဦးလှိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလို ရေးသားမျှဝေအသိပေးထားပါတယ်။

“ကြိုးစားရမယ်… ၂ လအတွင်း ရန်ပုံငွေရှာဖွေရေးခရီးစဉ်အဖြစ် မိုင်သောင်းချီ ခရီးသွားရမယ်။ အမိမြန်မာပြည်အရပ်ဒေသအသီးသီးအတွက် ရလာသမျှ ရန်ပုံငွေတွေကို ပေးပို့လှူဒါန်းကြပါလိမ့်မယ်။ လောကကြီးမှာ လွယ်လွယ်နဲ့ ဘာရလဒ်ကောင်းမှ မရနိုင်ပါ။ ကျနော်နဲ့တကွ အမေရိကားက မြို့အသီးသီးရဲ့ ရန်ပုံငွေရှာဖွေပွဲကျင်းပရေး ကူညီနေသူများဟာ ကြိုးစားကြ၊ ရုန်းကန်ကြရပါတယ်။ Covid 19 ကြောင့် အခက်အခဲတွေ တပုံကြီး ကြုံတွေ့နေရတယ်။ ကျနော့်မှာ အလွန်ဆိုချင်တီးချင်နေတဲ့စိတ်ကူးကို မရှိပါ။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာနေသူတွေ ရန်ပုံငွေရတာ ကျဆင်းလာပြီး ထည့်ဝင်ကြသူတွေ  ပင်ပန်း လာတာကို အားပေးဖို့ သီချင်းလှည့်ဆိုပေးတာ ဖြစ်ပါတယ်”

ဩဂုတ် ၂၉ ရက်နေ့မှာ ပြုလုပ်သွားမယ့် ဒီပွဲကိုတော့ ဆောင်းဦးလှိုင်နဲ့ ပြည်သူ့ ဂုဏ်ရည်အသင်း (Albany) တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး လက်မှတ်နှုန်းထားတွေအနေနဲ့ လူကြီးတယောက်ကို အမေရိကန်ဒေါ်လာ ၄၀ နဲ့ အသက် ၁၇ နှစ်အောက် ကလေးတယောက်ကို ဒေါ်လာ ၂၀၊ ၅ နှစ်အောက် ကလေးလက်မှတ်ခ အခမဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။   

၁၉၈၉ ခုနှစ်လောက်က စတင်ပြီးတော့ တေးရေးဆရာတဦးအနေနဲ့ မြန်မာ့ဂီတ လောကထဲကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၃ ခုနှစ်မှာတော့ ‘မင်းရဲ့ သူရဲကောင်း’ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့ အောင်မြင်တဲ့အဆိုတော် တယောက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။   

သူဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။   

အဲဒီအချိန်ကာလတွေမှာတော့ တကိုယ်တော်သီဆိုမှုတွေအပြင် ထရေစီနဲ့ တခြား အဆိုတော်တွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ခရီးသွားငါးယောက်’၊ တေးသံရှင် စည်သူလွင်၊ အဲလက်စ်တို့နဲ့ သီဆိုအောင်မြင်ခဲ့တဲ့ ‘19.18’ အယ်လ်ဘမ်တွေမှာပါ ပရိသတ်တွေကြား ဆယ်စုနှစ်နဲ့ချီ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာတော့ ဆောင်းဦးလှိုင်ဟာ တေးသီချင်းထုတ်လုပ်မှုတွေကို ရပ်နားထားခဲ့ပြီး ဆယ်စုနှစ်အကြာ ၂၀၁၇ မှာတော့ ‘ကမ္ဘာ့စံချိန်’ မီနီအယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။

အဲဒီနောက် ကြားကာလ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရကို ထောက်ခံအားပေးတဲ့ တေးသီချင်းတွေကို ရေးသားခဲ့ပြီး ‘မေမေနိုင်မှ ဖြစ်မှာပါ’ ၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖိနှိပ်ခံကာလတုန်းကအခြေအနေကို ရည် ရွယ်ရေးသားခဲ့ပြီး နီနီခင်ဇော်သီဆိုခဲ့တဲ့ ‘မျှော်လင့်ချက် တစုံတရာ’ သီချင်းတွေဟာလည်း အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013