
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာမှာ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး တယောက် ကို နေအိမ်ဝင်ခိုးနေတဲ့သူခိုးက သတ်ဖြတ်ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းဟာ ဩဂုတ် ၂၁ ရက်မှာ ဥပုသ်သွားစောင့်ရာကနေ နေအိမ်သို့ ပြန်လာစဉ် နေအိမ်အတွင်း ပစ္စည်းဝင်ခိုး နေတဲ့ သူခိုးနဲ့ ပက်ပင်းတိုးမိရာကနေ အခုလိုအဖြစ်မျိုးနဲ့ ကြုံခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
"နဲမနိတ်ရွာကပေါ့။ ဥပုသ်သွားစောင့်ပြီး ပြန်လာတော့ အိမ်ထဲမှာ သူခိုးက ဝင်မွှေနေတာနဲ့တိုးတာ။ မျှော့ကြိုးနဲ့ လည်ပင်းကို ပတ်ပြီး သတ်သွားတာ။ သူက အပျိုးကြီးလေ တယောက်တည်းနေတာ။”
သေဆုံးသူ အငြိမ်းစားကျောင်းအုပ် ဆရာမကြီးဟာ ဟင်္သာတမြို့နယ် ကြက်တူရွေးရွာ ဇာတိဖြစ်ပြီး အ.ထ.က သောင်ကြီးမှာ ၂၀၀၂-၂၀၀၃ ခုနှစ်တုန်းက ကျောင်းအုပ်ဆရာမကြီး တာဝန်ထမ်းဆောင်ဖူး တဲ့အပြင် အိုင်သပြုကျောင်းတွင်လည်း တာဝန်ကျဖူးပါတယ်။
ဆရာမကြီးရဲ့ ရုပ်အလောင်းကို နေအိမ်ရေချိုးခန်းအတွင်း မှောက်လျက်တွေ့ရပြီး လည်ပင်းကို သားရေကြိုးနဲ့ ပတ်ထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။











