DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က ၆ လအတွင်း ကန်ဒေါ်လာ ၁၀၃ သန်းထုတ်ရောင်း၊ ဒေါ်လာဈေး ဆက်တက်
DVB
·
August 18, 2021
စစ်ကောင်စီဗဟိုဘဏ်က ၆ လအတွင်း ကန်ဒေါ်လာ ၁၀၃ သန်းထုတ်ရောင်း၊ ဒေါ်လာဈေး ဆက်တက်
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် ၆ လအတွင်း  နိုင်ငံတော်ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော်ရောင်းချခဲ့ပေမယ့် ပြည်တွင်း နိုင်ငံခြားငွေကြေးစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာကျပ်ငွေ  ၁၇ဝဝကျော်တဲ့အထိ ဆက်လက် မြင့်တက်နေတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ  ၁၃၃၅ ကျပ်သာရှိခဲ့ပေမဲ့ အခု သြဂုတ် ၁၇ ရက်နေ့မှာ ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ ၁၇၈၅ ကျပ်ထိ ရှိတာကြောင့် တဒေါ်လာလျှင်  ၄၅၀ ကျပ် မြင့်တက်ခဲ့ပါတယ်။ ဒီနေ့ သြဂုတ် ၁၈ ရက်မှာတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၇၅၀ ဈေးပေါက်ပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၃ ရက်မှ သြဂုတ်လ ၁၂ ရက်အထိ ပြည်တွင်းဘဏ်တွေကို နိုင်ငံခြားငွေ စျေးပြိုင်လေလံနဲ့ အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော် (၁၀၃,၈၀၀,၀၀၀) ရောင်းချပေးခဲ့ပေမယ့် ပြည်တွင်းနိုင်ငံခြားငွေကြေးအပေါ် သက်ရောက်မှုမရှိတာတွေ့ရပါတယ်။

နိုင်ငံခြားငွေကြေးစျေးကွက်အပေါ် စောင့်ကြည့်လေ့လာသူတဦးက “နိုင်ငံတော်အတွက် မရှိမဖြစ်ကုန်ပစ္စည်းသွင်းနေတဲ့သူတွေကို ဗဟိုဘဏ်က တိုက်ရိုက်ရောင်းချပေးလိုက်။ ဥပမာ ဗဟိုဘဏ်က စက်သုံးဆီသွင်းမယ့် လုပ်ငန်းရှင်ကို ခေါ်မေးလိုက်တယ် ထားပါတော့။ မင်းတို့ ဘယ်လောက်လိုတာလဲ။ ဒေါ်လာ ၅ သိန်း ထားပါတော့။ မင်းတို့ လွှဲဖို့ သေချာလား။ သေချာတယ်။ အခုလွှဲရမှာဆိုရင် ဒါဆိုမင်းတို့ LC account ပြ။ အဲ့မှာ လွှဲရမယ့် တန်ဖိုးနဲ့စာရွက်စာတမ်းတွေ။ ဒါဆို အိုခေ ဟုတ်ပြီ။ မင်းတို့လွှဲပြီးတာနဲ့ အထောက်အထားတွေ ဗဟိုဘဏ်ဆီ ပြန်တင်ပြ။ အဲ့လိုသာ စစ်လိုက်ပါ။ ဒါဆိုရင် အဲ့လုပ်ငန်းရှင်က အပြင်မှာ လာမဝယ်တော့ဘူး။ အဲ့လို ပမာဏကြီးမားတဲ့ လုပ်ငန်းရှင်က စျေးကွက်ထဲ လာမဝယ်တော့ဘူးဆိုရင် စျေးက ဘယ်လိုမျှတက်စရာမရှိတော့ဘူး။ ဘဏ်ကတဆင့်ခံရောင်းတဲ့အခါ ဘဏ်တွေကတဆင့် ပွဲစား ပြန်ရောင်းတယ်။ ဆိုတော့ ထိရောက်တဲ့ စနစ်နဲ့ ရောင်းစေချင်တယ်။ အဂတိကိုပဲ ဖြစ်ပေါ်စေတဲ့ အရောင်းအဝယ်ဆိုရင်တော့ သူတို့ဘယ် လောက်ပဲ ထုတ်ရောင်းနေပါတယ်ပြောပြော သက်ရောက်မှုက ဘယ်လိုမျှကြီးကြီး မားမားမရှိလာနိုင်ဘူးလေ” လို့ ပြောပါတယ်။ 

ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးက လတ်တလောကာလမှာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနေတာကြောင့် နိုင်ငံခြား ငွေလဲလှယ်ရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရရှိထားတဲ့ အေးဂျင့်အများစုက ဝယ်စျေး၊ ရောင်းစျေးနှုန်းထားတွေကို ကြေညာဘုတ်တွေ မှာတောင် ဖော်ပြမှုမရှိတာ တွေ့ရပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကတော့ ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်မှာ “အမေရိကန် ဒေါ်လာတန်ဖိုး အခုလို ကမောက်ကမဖြစ်နေတာကို ဖြေရှင်းဖို့က ဗဟိုဘဏ်က ရောင်းချပေးနေတဲ့ နိုင်ငံခြားငွေ တခုတည်းနဲ့ ပြီးဆုံးမှာမဟုတ်လို့ အဓိကလိုအပ်နေတာက ပို့ကုန်တွေ တင်ပို့နိုင်မှသာ ဖြေရှင်းနိုင်လိမ့်မယ်။ နောက်တချက်က တရုတ်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းပိတ်လိုက်တာကလည်း နိုင်ငံခြားငွေကြေးစျေးကွက်အပါ် သက်ရောက်မှုရှိစေတယ်။ ဘာလို့လဲဆိုတော့ ဟိုမှာ ကုန်ဖိုးရှင်းတာက ယွမ် ဆိုပေမယ့်လည်း (hard currency) လေ။ exchange rate နဲ့ ဒေါ်လာ လဲလှယ်လို့ရတယ်။ ပိတ်ထားတာ အခုဆိုရင် ၉ လ ရှိသွားပြီ။ ပြီးတော့ နယ်စပ်ကုန်သွယ်ရေးမှာဆိုရင် ကျနော်တို့ဆီက ပို့ကုန်အများစုက တရုတ်ဆီသွားတာ” လို့ဆိုပါတယ်။ 

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် (ဇူလိုင်လအထိ) မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ယာယီစာရင်းအရ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၅ ဘီလီယံ ရှိပြီး သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၂ ဒသမ ၂၅ ဘီလီယံ ရှိတာကြောင့် (ပို့ကုန်၊သွင်းကုန်) ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂၄ ဒဿမ ၇၁ ဘီလီယံ ရှိပါတယ်။

ယခုနှစ်နဲ့ယမန်နှစ် ကာလတူအခြေအနေကို နှိုင်းယှဉ်ကြည့်ရင် ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၃ ဒသမ ၈၄ ဘီလီယံ လျှော့ကျပြီး သွင်းကုန်ကလည်း ကန်ဒေါ်လာ ၁၈ ဒသမ ၈၃ ဘီလီယံ လျှော့ကျမှုရှိတာကြောင့် (ပို့ကုန်၊သွင်းကုန်) ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံလျှော့ကျမှုရှိတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013