မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ဖို့ ဒါမှမဟုတ် အီရန်ရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေ တိုက်ခိုက်ခံရတာကို ရင်ဆိုင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အစ္စရေးတို့က အီရန်အပေါ် ဖိအားတွေ တိုးပေးလာချိန်မှာ ဒေသက ‘ငရဲ’ ဖြစ်လာလိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဧပြီ ၄ ရက်မှာ တုံ့ပြန် သတိပေးလိုက်ပါတယ်။
IRGC ခါတမ်အယ်လ်အန်ဘီယာဗဟိုဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလ်ဖာကာရီက “တင်းမာမှုတွေ ဆက်ဖြစ်နေရင် ဒေသတခုလုံးက ခင်ဗျားအတွက် ငရဲ ဖြစ်လာလိမ့်မယ်”လို့ သတိပေးပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အကျိုးစီးပွား အများအပြားဟာ အီရန်ဒရုန်းတွေနဲ့ ဒုံးကျည်တွေကြောင့် ထိခိုက်ခဲ့ရတယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်-အစ္စရေးတို့က ပူးတွဲဗုံးကြဲတိုက်ခိုက်ရင်း ပဋိပက္ခစကတည်းက ထရမ့်ပ်က စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်အတွက် နောက်ဆုံးရက်က အလျင်အမြန် နီးကပ်လာနေပြီလို့ အီရန်အစိုးရကို ပြောပါတယ်။
“အီရန်ကို သဘောတူညီချက်တခု ချုပ်ဆိုဖို့ ဒါမှမဟုတ် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးဖို့ ၁၀ ရက်ပေးခဲ့တာ မှတ်မိလား။ အချိန်ကုန်တော့မယ်၊ ငရဲအားလုံး သူတို့အပေါ် ကျရောက်ဖို့ ၄၈ နာရီပဲလို တော့တယ်”လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ သတင်းစကားက သံတမန်ရေးတိုးတက်မှုကို အရိပ်အမြွက်ပြောဆိုတာကနေ အီရန်နိုင်ငံကို ကျောက်ခေတ် ပြန်ရောက်တဲ့အထိ ဗုံးကြဲဖို့ ခြိမ်းခြောက်ခြင်းဆီ ပြောင်းလဲသွားခဲ့ပါတယ်။
အမေရိကန်-အစ္စရေးတို့က အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်တာတွေဟာ ‘ရေဒီယို သတ္တိကြွပစ္စည်းတွေ ထုတ်လွှတ်မှု ပြင်းထန်တဲ့ အန္တရာယ်ရှိနေတယ်’လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီက ဧပြီ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စာတစောင်ကနေ ကုလသမဂ္ဂကို သတိပေးခဲ့ပါတယ်။
စနေနေ့က ဘူရှီးရ် ဓာတ်အားပေးစက်ရုံအနားကို စတုတ္ထအကြိမ်မြောက် တိုက်ခိုက်အပြီး သည်းမခံနိုင်တဲ့ အခြေအနေ တခုအကြောင်း သတိပေးခဲ့တာပါ။
ရေဒီယိုသတ္တိကြွပစ္စည်းတွေ ထုတ်လွှတ်မှုရဲ့ အန္တရာယ်ကို အပြည့်အဝသိလျက်နဲ့ ခုလို အဆောက်အအုံတွေနားက နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာဟာ တင်းကျပ်တဲ့ ကာကွယ်မှုတွေကို ထင်ထင်ရှားရှား ချိုးဖောက်တာပဲလို့ သူက ပြောပါတယ်။
အီရန်နိုင်ငံ နယ်မြေအတွင်းနဲ့ ပိုကျယ်တဲ့ ဒေသတလျှောက် အရပ်သားလူထုတွေကို ပြင်းထန်တဲ့ မကြုံစဖူး အန္တရာယ်နဲ့ ကြုံတွေ့ရစေတယ်လို့လည်း အာရတ်ချီက စာထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters











