DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စထိုးပေး
DVB
·
August 17, 2021
မဲဆောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စထိုးပေး
1 / 7
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက  ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးကို ဩဂုတ် ၁၇ ရက် ဒီကနေ့မနက်မှာ ပထမဆုံးအကြိမ်အဖြစ် စတင်ထိုးပေးနေပါတယ်။

မဲဆောက်မြို့ အာရှလမ်းမကြီးပေါ်ရှိ ရော်ဘင်ဆန်ကုန်တိုက်နားမှာ  မနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ ထိုးနှံပေးမှာဖြစ်တယ်လို့  အဆိုပါနေရာကို သွားရောက်ကြည့်ရှုခဲ့သူ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပထမဆုံး ကာကွယ်ဆေးစထိုးရတဲ့ နေ့ပေါ့ခင်ဗျာ၊ ကျနော်သွားကြည့်တဲ့အချိန် လူကတော့သိပ်မများပါဘူး။ တစ်ဦးနဲ့ တစ်ဦးလည်း ၆ ပေခွာခွာတန်းစီနေကြတယ်၊ ဒီမတိုင်ခင် နာမည်ကြိုပေးထားတဲ့သူတွေကို ထိုးပေးနေတာပါခင်ဗျ၊  စက်ရုံဆိုလည်း စက်ရုံအလိုက်၊ အဖွဲ့အစည်းက ဆိုရင်လည်းအဖွဲ့အလိုက် စာရင်းပေးထားသူတွေပေါ့။  တနေ့ကို ၂၀၀ ကနေ ၃၀၀ ထိ ထိုးပေးမယ်လို့ သိရတယ်။”

ကာကွယ်ဆေးထိုးခွင့်ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်အထောက်အထားပြည့်စုံ သူတွေဖြစ်ကြပါတယ်။ အခုပထမအကြိမ်ထိုးပေးရာမှာ စျေးဆိုင်ခန်းတွေ၊ အလှပြင်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ စတဲ့ လူများနဲ့ ဆက်ဆံရတဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အဓိက ဦးစားပေးပြီး ထိုးပေးနေတာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးလာထိုးတဲ့ အလှပြင်ဆိုင်က အလုပ်သမတဦးက “ကျမတို့ အလုပ်သမားတွေဟာ အန္တရယ်ရှိတဲ့ နေရာမှာအလုပ်လုပ်ရတယ်၊ အလှပြင်ဆိုင်ဆိုတော့ပိုဆိုးတာပေါ့။ ဒီနေ့မှာ ကိုဗစ် ကာကွယ်ဆေး လာထိုးပေးရတဲ့အခါ အတိုင်းမသိဝမ်းသာတယ်။ ဒါမှ ကိုယ့်အတွက်ရော တခြားသူအတွက်ပါ ကိုဗစ် မကူးစက်တော့ဘူးလေ။”လို့ ပြောပါတယ်။

မြန်မာလုပ်သားတွေ ခုလို ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရတဲ့ အပေါ် ထိုင်းနိုင်ငံသားအလုပ်ရှင်တစ်ဦးကလည်း “ဝမ်းသာစရာပါ။ ဒါက ထိုးသင့်တဲ့ ကာကွယ်ဆေးပဲ။ သူတို့(အလုပ်သမားတွေ) ကိုဗစ်ကူးစက်ရင် ကျတော်တို့ကိုပါ အန္တရာယ်ပေးတယ်လေ။ ဒါကြောင့်လာထိုးပေးတယ်။ သူတို့လည်း လူပဲလေ။ ဖြစ်နိုင်ရင်တော့ မဲဆောက်မှာ နေထိုင်တဲ့  ထိုင်း၊ မြန်မာလူမျိုး မရွေး အားလုံးကို ထိုးပေးစေချင်တယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်ထိုးနှံပေးတဲ့ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးအပေါ် ယုံကြည်မှုနည်းနေတာကြောင့် ရာခိုင်နှုန်းအနည်းငယ်သာ ထိုးနှံလိမ့်မယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်  ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ဖြစ်ပေါ်လာဖို့ ထိုင်းနိုင်ငံအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပုဂ္ဂိလက အဖွဲ့အစည်းတွေ ပူးပေါင်းဆွေးနွေမှုနဲ့ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

မဲဆောက်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု လျော့နည်းရလေအောင် ထိုင်း-မြန်မာ မခွဲခြားဘဲ  ကိုဗစ်ကာကွယ်ဆေးကို အားလုံးအတွက် ထိုးပေးသွားမှာဖြစ်ပြီး လက်ရှိထိုးပေးတဲ့ ကာကွယ်ဆေးဟာ အခမဲ့ ဖြစ်ကြောင်းလည်း သိရပါတယ်။

မဲဆောက်မြို့နယ်မှာ မနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် နောက်ထပ် ၉၄ ဦးရှိပြီး ၊  ဇွန်လ ၁ ရက်မှ ဩဂုတ် ၁၆ ရက်ထိ ကိုဗစ် - ၁၉ ကူးစက်ခံရသူစုစုပေါင်း ၃၃၈၂ ဦးရှိပါတယ်။  မဲဆောက်ဆေးရုံကြီးမှာ ၅၀၁ ဦး၊ ပုဂ္ဂလိကဆေး ရုံတွေမှာ ၁၃၀ ဦး၊ ယာယီဖွင့်လှစ်ထားတဲ့ ဆေးရုံမှာ ၂၈၅ ဦးကုသနေပြီး ရောဂါမပြင်းထန်ဘဲ စက်ရုံအလုပ်ရုံတွေမှာ ကွာရန်တင်းဝင်နေရသူ ၅၆၆ ဦးရှိတယ်လို့ မဲဆောက်ဆေးရုံကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013