
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးတာမရှိဘူးလို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့် ထုတ်ပြန်ပြီး နောက်ရက်မှာ ကားစပယ်ယာ ၃ ယောက် အပါအဝင် ၁၀ ယောက်ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေ ၈ ရက်က ရွှေဘိုမြို့မှာ စစ်တပ်က ၂ ရက်အတွင်း အလုပ်သွား အလုပ်ပြန်တွေနဲ့ ခရီးသွားလူငယ်တွေ အပါအဝင် လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်တယ်လို့ DVB သတင်းဌာနက ဖော်ပြပြီး နောက် စစ်တပ်နဲ့ ရဲတွေက ရွှေဘိုမြို့မှာ ပေါ်တာဆွဲ ဖမ်းဆီးခြင်း မရှိဘူးလို့ စစ်တပ်လော်ဘီတွေက ထုတ်ပြန်ခဲ့ပါတယ်။
မေ ၉ ရက် မနက်ပိုင်းမှာတော့ ပဲပွဲရုံကို ကားနဲ့ ပဲလာရောင်းတဲ့ ရွှေဘို သံပရာခြံကျေးရွာက ကားစပယ်ယာတယောက်၊ ဒီပဲယင်း မူးကမ်းကြီးရွာက ကားစပယ်ယာတယောက်နဲ့ တခြား ကားစပယ်ယာတယောက်၊ စုစုပေါင်း ကားစပယ်ယာ ၃ ယောက် အပါအဝင် တခြားနေရာတွေက ၇ ယောက် စုစုပေါင်း ၁၀ ယောက်ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “ဒီနေ့ ပွဲရုံရှေ့မှာ ပဲရောင်းတဲ့ကားတွေက အရမ်းများတယ်။ သူတို့က ပဲရောင်းဖို့ စောင့်နေတုန်း ပတ်ကင်းလာတာ၊ စပယ်ယာတယောက်က ပတ်ကင်းလာတယ်လို့ အော်လိုက်တာ၊ အော်လို့ဆိုပြီး ဖမ်းတာ ၃ ယောက် ပါသွားတယ်။ တယောက်ကတော့ အာမခံနဲ့ ပြန်လွှတ်ပေးတယ်လို့ ကြားတယ်။ ကျန်တဲ့လူတွေကတော့ ငွေနဲ့ ရွေးခိုင်းတယ်လို့ ကြားတယ်၊ နောက်ရက်မှ လွတ်၊ မလွတ် သိရမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်းကလည်း စစ်တပ်လှည့်ကင်းတွေက စက်မှုဇုန်ရပ်ကွက်နဲ့ သက္ကယ်တန်းချောင်း တံတားပေါ်မှာ အလုပ်သွားတဲ့ ခရီးသွားလူငယ် အယောက် ၂၀ ကျော်၊ သရက်ခြံ၊ စိန်ဘုရား၊ နွားလေးကုန်း၊ ထူထောင်ရေးရပ်ကွက်၊ ဘူတာရပ်ကွက်တို့က အယောက် ၂၀ ကျော်၊ မြို့အဝင် ရေဦးလမ်း ကန်တော်ဂိတ်နဲ့ မန္တလေးလမ်းတောင်မုခ်ဂိတ်တို့က ၁၀ ယောက်ကျော်နဲ့ မင်းကုန်းကျေးရွာက ၅ ယောက် အပါအဝင် စုစုပေါင်း ၂ ရက်အတွင်း လူ ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပါတယ်။
ရွှေဘိုမြို့မှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး ခြိမ်းခြောက်ငွေညှစ်မှုတွေကြောင့် နယ်ကျေးရွာတွေက တောင်သူတွေ အပါအဝင် ပြည်သူအများစုဟာ ရွှေဘိုမြို့ကို ကိုယ်တိုင်ကိုယ်ကျ သွားလာရောင်းဝယ်ခြင်း မရှိတော့ဘဲ ကုန်ကားတွေကိုသာ မှာယူ ရောင်းဝယ်နေရတယ်လို့ သိရပါတယ်။










