
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ဆီဒိုနားဟိုတယ်အထပ်မြင့်ကနေ အမျိုးသားတယောက် ဇွန် ၁၀ ရက် မနက်ပိုင်းက ကျလာပြီး နေရာမှာတင် သေဆုံးမှုဖြစ်ခဲ့တယ်လို့ အခင်းဖြစ်ချိန်အနီးနားမှာ ရှိနေသူတွေဆီက သိရပါတယ်။
သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသားတယောက် ဖြစ်ပြီး တရုတ်နိုင်ငံသားဆိုပြီး ကနဦး သတင်းတွေထွက်ခဲ့ပေမဲ့ သီးခြား အတည်ပြုလို့မရသေးပါဘူး။
အဆိုပါအမျိုးသားဟာ အထပ်မြင့်ကနေ အောက်မှာရပ်ထားတဲ့ အိမ်စီးကားပေါ်ကျလာ ပြီး ဦးခေါင်းအပြင်းထန်ထိခိုက်သေဆုံးခဲ့ တာလို့ ဆိုပါတယ်။
အခြေအနေကို မြင်တွေ့ခဲ့သူတယောက်က “ အိမ်စီးကားပေါ်အရင်ကျတာ၊ ကား ရဲ့ရှေ့ခေါင်းခြမ်းလည်း ကြေသွားတယ်" လို့ ပြောပါတယ်။
တိုက်ပေါ်က ကျသေဆုံးသူရဲ့ ရုပ်အလောင်း ရောက်ရှိလာတာမှန်တယ်လို့ သင်္ဃန်းကျွန်း၊ စံပြဆေးရုံမှ တာဝန်ကျဝန်ထမ်းတယောက်က ပြောပါတယ်။
အဲဒီလို သေဆုံးမှုဖြစ်ချိန်မှာ ဆီဒိုနားဟိုတယ်ဘေးက ကားလမ်းပိတ်ဆို့မှုတွေရှိခဲ့ပြီး သတင်းကို ဖုံးဖိကြိုးစားတာမျိုးတွေ့ရတယ်လို့ ရန်ကင်းမြို့နယ်၊ တိုက် ၁၂ လုံးတန်းမှ နေသူတယောက်က ပြောပါတယ်။
အဆိုပါအမျိုးသားဟာ မတော်တဆပြုတ်ကျသေဆုံးတာလား၊ ခုန်ချသတ်သေတာလား၊ တစုံတယောက်ကြောင့် သေဆုံးတာလားဆိုတာ မသိရသေးသလို၊ အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး တခြားသေမှုသေခင်းတခုနဲ့ ဆက်စပ်နေတယ်လို့လည်း သတင်းထွက်နေပေမဲ့ အတည်ပြုလို့မ ရသေးပါဘူး။











