
ပုလဲမြို့နယ် ပုံတောင်နတ်ထိပ်ရွာက နေအိမ်အချို့ကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၄ ရက်နေ့ မနက် ၈ လောက်က မီးရှို့ခဲ့တယ်လို့ နတ်ထိပ်ရွာသားတွေဆီက သိရပါတယ်။
နတ်ထိပ်ရွာသားတစ်ဦးက “ဒီကောင်တွေ မနေ့ညက ခင်အေးရွာမှာရှိတဲ့ ဖုန်းတာဝါတိုင်မှာတပ်ချတယ်။ အခုမနက်ခင်း ကျနော်တို့ရွာထဲကို သေနတ်တွေဖောက်ပြီးဝင်လာတယ်။ ပထမ လူမရှိတဲ့နေအိမ်တွေကို သေနတ်တွေနဲ့ပစ်ပြီး အိမ်တွေကိုဖျက်ဆီးတယ်။ နောက်တော့ ကိုမိုးဇော်အိမ်ကို မီးရှို့တယ်။ နောက်ထပ်ရွာထဲက အိမ်တစ်အိမ်ထပ်ပြီး မီးရှို့တယ်ဗျ။ ကျနော်လည်း ကြောက်တာနဲ့ ရွာထဲကနေထွက်ပြေးလာခဲ့တာ။ ဒီကောင်တွေကြည့်ရတာ နောက်ထပ်လည်း အိမ်တွေကို မီးထပ်ရှို့ဦးမယ့် သဘောရှိလောက်တယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ် ပုံတောင်နတ်ထိပ်ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတော်လှန်ရေးတပ်မတော်အဖွဲ့တို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀၊ ၁၂ ရက်နေ့တွေက တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့တာ၊ တိရစ္ဆာတွေကို သတ်ဖြတ်စားသောက်တာ၊ ငွေနဲ့ ပစ္စည်းတွေ ယူဆောင်တာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေ ပြောပါတယ်။
ပုံတောင်နတ်ထိပ်ကျေးရွာဟာ အိမ်ခြေ ၁၉၀ ရှိပြီး ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပြီး ခဲ့တဲ့ရက်ပိုင်းအတွင်းက ကျေးရွာသားအချို့ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရပါတယ်။
ဒီဗွီဘီက နောက်ဆုံးရရှိတဲ့သတင်းအရ ဩဂုတ် ၁၄ နေ့မှာ ပုံတောင်နတ်ထိပ်ရွာက နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရပြီး ရွာသားအားလုံး ထွက်ပြေးနေကြသလို ရွာအတွင်း ပိတ်မိနေသူအချို့လည်း ရှိတယ်လို့ သိရပါတယ်။