DVB Logo
Home
နိုင်ငံရေး
ရေရှည်စစ်လား… အမြန်အဆုံးသတ်စစ်လား
DVB
·
August 14, 2021
ရေရှည်စစ်လား… အမြန်အဆုံးသတ်စစ်လား
Donate to DVB

မကြာခင် ပေါ်ပေါက်လာမယ့် မြန်မာ့နွေဦးတော်လှန်ရေး စစ်ပွဲလား၊ ရေရှည်စစ်လား၊ အမြန်အဆုံးသတ်စစ်လားဆိုတာ ပိုင်းဖြတ်ချက် ပြတ်ပြတ်သားသား ချထားဖို့ အလွန်အရေးကြီးပါတယ်။ နွေဦးတော်လှန်ရေး လှုပ်ရှားမှုဟာ အချိန်တိုအတွင်း အောင်ပွဲခံနိုင်ရေးအတွက် အမြန်အဆုံးသတ်စစ်ပွဲ ဆင်နွှဲနိုင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီး ၆ လကျော်လာတဲ့အထိ နွေဦးတော်လှန်ရေးရဲ့ စစ်ရေးလှုပ်ရှားမှု တစုံတရာ ပီပီပြင်ပြင် ပေါ်ထွက်မလာနိုင်သေးခြင်းအတွက် လူထုအတွင်း အားမလိုအားမရစိတ်တွေ မြင့်တက်လာနေတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အရှိန်အဟုန် ကြီးမားတဲ့ လူထုတော်လှန်ရေးကြီး တပြည်လုံးမှာ ပေါ်ပေါက်ဖို့ ပြင်ဆင်မှုကောင်းရေးဟာ အရေးကြီးပါတယ်။ ပြင်ဆင်မှုကောင်းရင် အောင်ပွဲရဖို့ တဝက် သေချာပါတယ်။ တချိန်တည်းမှာ အချိန်ယူပြင်ဆင်မှု ရှည်ကြာလွန်းရင်လည်း လူထုရဲ့ နိုးကြားတက်ကြွစိတ်တွေ ကျဆင်းလာနိုင်ပါတယ်။ ဒါပေမဲ့ အခိုင်အမာ လှုပ်ရှားမှုတွေ မလုပ်နိုင်သေးဘဲနဲ့ ‘မကြာခင် D-Day လာတော့မယ်’ ဆိုတဲ့ မျှော်လင့်ချက်အမှားတွေ ခဏခဏပေးပြီး လက်တွေ့ဖြစ်မလာရင် တဖြည်းဖြည်း ယုံကြည်မှု ထိခိုက်ကျဆင်းလာနိုင်ပါတယ်။

ဒီတခါ ဆင်နွှဲမယ့် နွေဦးတော်လှန်ရေး ပြည်သူ့စစ်ပွဲဟာ ရေရှည်စစ်လား၊ အမြန်အဆုံးသတ်စစ်လားလို့မေးရင် အမြန်အဆုံးသတ်စစ်လို့ ရဲရဲတင်းတင်း ပိုင်းဖြတ်ချက်ရှိရှိ အဖြေပေးလိုက်ရမှာပါ။ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေက ဆင်နွှဲလာတဲ့ ရေရှည်စစ်ပွဲဟာ ၁၉၄၈ ခုနှစ်ကစလို့ ရေတွက်ရင် ၇၃ နှစ် ကြာခဲ့ပါပြီ။ ဒီလို ရေရှည်စစ်ပွဲဆင်နွှဲဖို့ ၁၉၄၈ ခုနှစ် ဧပြီလကတည်းက ကျင်းပခဲ့တဲ့ ဗကပ ဗဟိုကော်မတီရဲ့ ‘ကျောက်ကြီးပေါက်’ အစည်းအဝေးက စတင်ဆုံးဖြတ်ခဲ့တာပါ။ ဒီအစည်းအဝေးမှာ လမ်းစဉ်ဆိုင်ရာ တိုင်ပွဲလည်း ပြင်းထန်ခဲ့ပါတယ်။ ဗကပ ပေါ်လစ်ဗျူရိုလူကြီး ရဲဘော်ဂိုရှယ်ရဲ့ မြို့ပြမှာ ‘သပိတ်စုံ သူပုန်ထ’ ရေး လမ်းစဉ်နဲ့ ဥက္ကဋ္ဌ သခင်သန်းထွန်းရဲ့ ‘ကျေးလက်အခြေခံ မြို့ကိုဝိုင်း၊ ရေရှည်စစ်ဆင်နွှဲရေးလမ်းစဉ်’ တို့ အငြင်းပွားခဲ့ကြတာပါ။ ဗဟိုကော်မတီက သခင်သန်းထွန်းရဲ့ လမ်းစဉ်ကို လက်ခံ ဆုံးဖြတ်လိုက်တဲ့အတွက် ရေရှည်စစ်ပွဲဆင်နွှဲရေး ဖြစ်လာခဲ့ပြီး ရဲဘော်ဂိုရှယ်ကို ပေါ်လစ်ဗျူရိုအဖွဲ့က ဖြုတ်ချပြီး ကျေးရွာဒိုင်နယ်မှူး တာဝန်ချထားပေးခဲ့တာပါ။

ဒါပေမဲ့ သခင်သန်းထွန်းရဲ့ ရေရှည်စစ်ပွဲလမ်းစဉ် ဆိုတာကလည်း မြန်မာပြည်နဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင်လမ်းစဉ် မဟုတ်ဘဲ မော်စီတုံးရဲ့ ‘ရေရှည်လမ်းစဉ်’ကို အတုယူ ပုံတူကူးချခဲ့တာပါ။

တရုတ်ပြည်မှာ ရေရှည်စစ်ဖြစ်ရတဲ့ အခြေအနေနဲ့ မြန်မာပြည် ရေရှည်စစ်ဖြစ်ရတဲ့ အခြေအနေ မတူပါဘူး။ တရုတ်ပြည်မှာ ရေရှည်စစ်ဖြစ်ရတဲ့ အခြေအနေက ချန်ကေရှိတ်ရဲ့ ကူမင်တန်စစ်တပ်က အင်အားသိန်းချီ ရှိနေချိန် ကွန်မြူနစ် ပြောက်ကျားအင်အားက သောင်းဂဏန်းပဲ ရှိပါတယ်။ ကူမင်တန်စစ်တပ်ရဲ့ ထိုးစစ်ကို ရှောင်ရှားဖို့ ကွန်မြူနစ်ပြောက်ကျားတွေမှာ အလွန်ကျယ်ပြောတဲ့ တရုတ်နယ်မြေတွေ ရှိပါတယ်။ တရုတ်ပြည်ရဲ့ အာဏာလုပွဲမှာ ကူမင်တန်နဲ့ ကွန်မြူနစ်တွေရဲ့ တပ်တွေအကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲပဲ ရှိပြီး တခြားလက်နက်ကိုင်တပ်ဖွဲ့အင်အားရယ်လို့ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ မြန်မာပြည်မှာတော့ ဗကပအပြင် ပြည်နယ်တိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိထားပြီး ဖြစ်ပါတယ်။ မြန်မာပြည် ပြည်တွင်းစစ် ရေရှည်ရတဲ့ အကြောင်းရင်းဟာ စစ်တပ် အာဏာသိမ်းကာလ ရှည်ကြာတဲ့အတွက် စစ်တပ်အင်အား ကြီးထွားလာခြင်း၊ ဗကပအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စည်းရုံးခေါင်းဆောင်မှု ပေးနိုင်တဲ့၊ မှန်ကန်တဲ့လမ်းစဉ် မချမှတ်နိုင်ခြင်းကြောင်း ဖြစ်တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပွဲ နောက်ပိုင်းမှာတော့ ဒီအခြေအနေတွေ တဆစ်ချိုး ပြောင်းလဲသွားခဲ့ပါပြီ။ မြို့ကြီးပြကြီးတိုင်းမှာ CDM လှုပ်ရှားမှုတွေနဲ့ အတူ ‘သပိတ်စုံ၊ သူပုန်ထ’နေကြပါပြီ။ မြို့ပြတိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဗုံးခွဲသံ၊ ပေါက်ကွဲသံတွေ နေ့စဉ် ညံနေချိန်မှာ စကစခန့် ရာအိမ်မှူးတွေ တယောက်ပြီးတယောက် သေဒဏ်ပေးခံနေရလို့ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်က ရာအိမ်မှူးတွေ နုတ်ထွက်နေကြပါပြီ။

ဆန္ဒပြပွဲ၊ CDM လှုပ်ရှားမှုတွေကလည်း ပူတာအိုကနေ ထားဝယ်အထိ နေ့သပိတ်၊ ညသပိတ်တွေ ပျံ့နှံ့ကူးစက်နေပါတယ်။ PDF တွေရဲ့ စကစတပ်တွေကို ခုခံတိုက်ခိုက်မှုတွေကလည်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်အနှံ့ ဖြန့်ကြက်တိုက်ခိုက်လို့ စကစတပ်တွေလည်း ရွာဆော်ကြီးခွေးလို တောင်ကူး မြောက်ပြေး ပြေးနေကြရပါပြီ။

KNU၊ KIA နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့ရဲ့ လှုပ်ရှားတိုက်ခိုက်မှုကြောင့် ရှမ်းပြည်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ကျေးလက်နယ်မြေတွေလည်း တိုက်ပွဲသံတွေနဲ့ သိမ့်သိမ့်တုန်နေကြပါပြီ။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကလေးဝ၊ ကနီ၊ ပုံတောင်ပုံညာ၊ မင်းကင်း၊ ချင်းတွင်းမြစ်ရိုးတလျှောက် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တူမီးသေနတ်သံတွေ ဟိန်းညံနေသလို ဧရာဝတီမြစ်ကျဉ်းတွေရှိတဲ့ ကသာ၊ ဗန်းမော်တဝိုက်က KIA-PDF ပူးတွဲတိုက်ပွဲတွေကြောင့် စကစတပ်တွေ အကျပ်ရိုက်နေပါပြီ။ 

ဒီလက်နက်ကိုင်ပြည်သူ့အင်အားတွေ စုစည်းပြီး NUG အနေနဲ့ တပြည်လုံးအတွက် စစ်အာဏာရှင်စနစ် အဆုံးသတ်ပေးမယ့် အမြန်အဆုံးသတ်စစ်ပွဲကို စီမံကိန်းရှိစွာ၊ ခြေလှမ်းရှိစွာ ဦးဆောင်ဆင်နွှဲသွားဖို့ပဲ လိုပါတော့တယ်။

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013