DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် ကျင့်ဝတ်ဖောက်ဖျက် တစ်ဖက်သတ်စွပ်စွဲနေဟု စစ်ကောင်စီတုံ့ပြန်
DVB
·
August 13, 2021
ကုလအထူးကိုယ်စားလှယ် ကျင့်ဝတ်ဖောက်ဖျက် တစ်ဖက်သတ်စွပ်စွဲနေဟု စစ်ကောင်စီတုံ့ပြန်
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာရနာ ဘာဂီနာရဲ့ ပြောဆိုချက်တွေဟာ အတည်ပြုနိုင်ခြင်းမရှိတဲ့ မှားယွင်းတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး တစ်ဖက်သတ်စွပ်စွဲမှုဖြစ်လို့ လက်မခံကြောင်း အာဏာသိမ်းစစ်ကောင်စီက တုံ့ပြန်လိုက်ပါတယ်။

ကုလအထူးကိုယ်စားလှယ် ခရစ္စတင်းရှာရနာ ဘာဂီနာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဩဂုတ် ၁၀ ရက်နေ့က နယူးယောက်မှာ ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ပြောဆိုခဲ့တဲ့အပေါ် စစ်ကောင်စီက ဩဂုတ် ၁၂ ရက်က ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာပါ။

သတင်းစာရှင်းလင်းပွဲမှာ ကုလကိုယ်စားလှယ် ခရစ္စတင်းရှာနာ ဘာဂီနာက မြန်မာနိုင်ငံရဲ့အခြေအနေက အရမ်းစိုးရိမ်စရာကောင်းကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  အိမ်စောင့်အစိုးရကြေညာချက်နဲ့အတူ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင်ဖျက်သိမ်းလိုက်ပြီး တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်အဖြစ် ကြေညာလိုက်တာဟာ အာဏာဆက်လက်တည်မြဲခိုင်မာစေဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောဆိုသွားတာပါ။

ကုလအထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်ဟာ အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီ တစ်ဖက်သတ်စွပ်စွဲ ပြောကြားထားကြောင်း၊ ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေရဲ့ ပုံမှန်ထုတ်ပြန်အသိပေးနေတဲ့ သတင်းအချက်အလက်တွေကို လျစ်လျူရှုခဲ့တယ်လို့  စစ်ကောင်စီက ဆိုပါတယ်။

နိုင်ငံတကာလေ့လာရေးအဖွဲ့ ဖွဲ့စည်းစေလိုကြောင်း အဆိုပြုမှုတွေဟာလည်း မြန်မာနိုင်ငံအပေါ် မလိုလားတဲ့ နိုင်ငံရေးဖိအားပေးတဲ့ သဘောသက်ရောက်ကြောင်းလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံတော်တာဝန်အား ပြန်လည်လွှဲပြောင်းမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနိုင်ရေး အစီအစဉ်အား နိုင်ငံတဝန်း ထိုးနှံပေးနိုင်ရေးဆောင်ရွက်နေပေမယ့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထောက်ခံသူတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးတဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်းလည်း စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ကုလ အထူးကိုယ်စားလှယ်အနေနဲ့ အဲဒီတိုက်ခိုက်မှုတွေနဲ့ စပ်လျဉ်းပြီး ဖော်ပြထားခြင်းမရှိဘဲ နိုင်ငံရဲ့ အခြေအနေကို ပြင်ပမှ ဝင်ရောက်စွက်ဖက်လိုသူတွေဘက်က ချဲ့ကားပြောကြားခဲ့တာကြောင့် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို ချိုးဖောက်ရာရောက်တဲ့အတွက် အခုလို ကန့်ကွက်တာဖြစ်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013