DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် ရခိုင်စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာဖြန့်ဝေလုပ်ငန်းများ နှောင့်နှေးနေဟု ICRC ပြော
DVB
·
August 13, 2021
စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် ရခိုင်စစ်ဘေးရှောင်များအတွက်  စားနပ်ရိက္ခာဖြန့်ဝေလုပ်ငန်းများ နှောင့်နှေးနေဟု ICRC ပြော
Donate to DVB

အများပြည်သူအလုပ်ပိတ်ရက်တွေ ထပ်တိုးလိုက်တာနဲ့ ရခိုင်ပြည်နယ်အစိုးရက ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်အသစ်တွေ သတ်မှတ်လိုက်တာကြောင့်  နေရပ်စွန့်ခွာ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဖြန့်ဝေပေးမှုလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ကနေ သိရပါတယ်။  

ICRC ရန်ကုန်ရုံး ပြန်ကြားဆက်သွယ်ရေး မန်နေဂျာ ဂျက်ကလင်းဖာနန်ဒတ်စ်က “  အများပြည်သူ ရုံးပိတ်ရက်တွေ ထပ်မံကြေညာတာကြောင့်  ICRC ရဲ့ ယာဉ်တွေ ခရီးသွားလာဖို့ ခွင့်ပြုပေးတဲ့ လုပ်ငန်းစဉ်မှာ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့ပါတယ်။ ဒီနှောင့်နှေးကြန့်ကြာမှုအပါအဝင် ပြည်နယ်တာဝန်ရှိသူတွေက ထုတ်ပြန်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဆိုင်တဲ့ သတ်မှတ်ချက်အသစ်တွေကြောင့် လာမယ့် ရက်သတ္တပိတ်တွေမှာ ပေးအပ်ဖို့ စီစဉ်ထားတဲ့ စားနပ်ရိက္ခာဖြန့်ဝေပေးမှုတွေ နှောင့်နှေးကြန့်ကြာမှုရှိမှာဖြစ်ကြောင်း ပြည်နယ်နဲ့ မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအပြင် စခန်းကော်မတီတာဝန်ရှိသူတွေကိုလည်း အသိပေး အကြောင်းကြားထားပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဘေးဒဏ်ခံရလွယ်တဲ့နေရပ်စွန့်ခွာလူမှုအသိုက်အဝန်းတွေထံ ICRC ရဲ့ ကူညီထောက်ပံ့မှုတွေ ဖြစ်နိုင်သမျှ မြန်မြန် ပြန်လည်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရရှိဖို့ ပြည်နယ် တာဝန်ရှိသူတွေနဲ့ လတ်တလော ဆွေးနွေးနေတယ်လို့လည်း ICRC ရုံးကပြောပါတယ်။

စစ်ကောင်စီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် အများပြည်သူအလုပ် ပိတ်ရက်တွေကို ဩဂုတ် ၂၂ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရက ICRC ရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေအပေါ် ဘယ်လို ကန့်သတ်ချက်အသစ်တွေ ပြုလုပ်နေလဲဆိုတာကိုတော့ အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။   

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ဟာ ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေခွင့်ပြုတဲ့နေရာတွေမှာ ကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် စားနပ်ရိက္ခာကူညီပေးနေတဲ့ လုပ်ငန်းတွေ နှောင့်နှေးနေတဲ့အကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေထံ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူမှုကယ်ဆယ်ရေးတွေကို လုပ်ဆောင်ပေးနေတဲ့ မြတန်ဆောင် ဆရာတော်က  မိန့်ပါတယ်။

မြတန်ဆောင်ဆရာတော်က  “ စစ်တွေ ICRC ရုံးကရော၊ မြောက်ဦးICRC ရုံးကပါ ဖုန်းဆက်လာတယ်။ သူတို့အနေနဲ့ ဒီနေ့ ( ဩဂုတ် ၁၂) ရက် ကစပြီးတော့ စစ်ရှောင်စခန်းတွေကို ကူညီပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ရက်အကန့်သတ်မရှိ ရပ်နားလိုက်တယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါကြောင့် စစ်ရှောင်စခန်းတာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်စရာရှိရင်ကြိုတင်ပြင်ဆင်လို့ရအောင် တရားဝင်အကြောင်းကြားတာလို့ ပြောတယ်”  လို့ မိန့်ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအများစုဟာ ICRC နဲ့ WFP မှကူညီထောက်ပံ့မှုတွေကို အဓိက အားထားနေရတာဖြစ်ပြီး တခြားသော အရပ်ဖက်အဖွဲ့အစည်းတွေက ကိုဗစ်ကာလအတွင်း အခြေခံ လူတန်းစားတွေကို ကူညီထောက်ပံ့နေကြတဲ့အတွက် ICRC ရဲ့ ထောက်ပံ့မှုတွေ ရပ်ဆိုင်း လိုက်ပါက စစ်ဘေးရှောင်တွေဟာ အငတ်ဘေးဆိုက်သွားမှာဖြစ်တယ်လို့ မြတန်ဆောင် ဆရာတော်က ဆက်လက်မိန့်ပါတယ်။

ရခိုင်မှာ စစ်ဘေးရှောင်စခန်းတွေကို သက်ဆိုင်ရာဌာနတွေက ဆန်တစ်ခုတည်းကိုသာ ထောက်ပံ့ပေးတာဖြစ်ပြီး ထောက်ပံ့ပေးရာမှာလည်း ပြည်စုံလုံလောက်အောင် ထောက်ပံ့ပေးတာ မရှိဘူးလို့သိရပါတယ်။

ICRC အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ပေးနေတဲ့ စစ်ဘေးရှောင်စခန်း ၅၀ ကျော်ရှိကာ ဆန်၊ ဆီ၊ ဆားစတဲ့ အခြေခံစားသောက်ကုန် ၇ မျိုးကို ထောက်ပံ့နေတာဖြစ်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013