DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၄ ဦးကို စစ်ကောင်စီက အဂတိလိုက်စားမှုဖြင့်စွပ်စွဲ အမှုဖွင့်
DVB
·
August 13, 2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၄ ဦးကို စစ်ကောင်စီက အဂတိလိုက်စားမှုဖြင့်စွပ်စွဲ အမှုဖွင့်
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီး ၄ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ  ဩဂုတ် ၁၂ ရက် ညက သတင်းထုတ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ စစ်တွေမြို့မရဲစခန်းမှာ ဩဂုတ် ၁၂ ရက်က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူဖို့လုပ်ဆောင်နေတာလို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဂတိကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ  ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဟာ တာဝန် ထမ်းဆောင်ခဲ့ချိန်က ဂွမြို့နယ်အတွင်း ဂုံးသောင်မြေနေရာပေါ်မှာ တန်ဖိုးနည်း မြေကွက်ဖော်ထုတ်ရေးဆောင်ရွက်ရာမှာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်း ဆက်စပ်တဲ့ ကုမ္ပဏီတစ်ခုကို စိစစ်ခြင်းမပြုဘဲ ဆောင်ရွက်စေခဲ့တာ၊ ဒီလုပ်ငန်းအတွက် စာချုပ်သဘောတူချက်မှာ မပါဝင်ဘဲ ကုန်ကျစရိတ်နဲ့ နစ်နာကြေးအကြောင်းပြကာ ငွေကျပ် ၅၃၅ သန်းကျော်ကို ကုမ္ပဏီသို့ ပေးအပ်ခဲ့တာကြောင့် နိုင်ငံတော် ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီတစ်ခုကို နိုင်ငံပိုင်အဆောက်အဦ သုံးလုံးမှာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြု ခဲ့တာ၊ အဆောက်အဦ ပြင်ဆင်ဖို့ ငွေကျပ် ၅၅ သန်းကျော်ကို ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ ရန်ပုံငွေမှ ထောက်ပံ့ကြေး ပေးအပ်ခဲ့တာ၊ ကုမ္ပဏီ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်း မရှိပေမဲ့ အဆောက် အဦ သုံးလုံးကို လက်ရှိအချိန်ထိ ပြန်မအပ်ဘူးလို့ စွပ်စွဲထားပါတယ်။

ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာအရ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းဖွင့်လက်ကျန် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ရန်ပုံငွေကျပ် ၈၆၅ သန်းကျော်ကို ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသို့ လွှဲပြောင်းထည့်သွင်း ခဲ့မှုမရှိဘဲ ဆက်လက် သုံးစွဲခဲ့အတွက် နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့လည်း ဆိုပါတယ်။

စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်ဟာလည်း တာဝန်ထမ်းဆောင်ခဲ့စဉ်က ပြည်နယ်အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေမှာ ပါဝင်ခြင်းမရှိတဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်မရှိတဲ့ ဈေး (၅)ဈေး တည်ဆောက်တဲ့လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)ပါ တင်ဒါဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိသေးပါဘူး။ 

ရခိုင်ဝန်ကြီးချုပ်ဦးညီပု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေဟာ စစ်တပ်က စစ်တပ်အာဏာသိမ်းနောက်တစ်နေ့ကတည်းက ဂွမြို့အခြေစိုက် အမှတ် ၅၆၂၊ ခြေလျင်တပ်ရင်းမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013