DVB Logo
Home
မြန်မာသတင်း
ဖရူဆိုနှင့်ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်၊ ရွာသားအချို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရ
DVB
·
August 12, 2021
ဖရူဆိုနှင့်ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်၊ ရွာသားအချို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရ
1 / 7
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတွေမှာ ဩဂုတ် ၁၂ ရက် ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ကလက်နက်ကြီးတွေနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ရွာသား ၂  ဦး ထိခိုက်ဒဏ်ရာရပြီး  လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားပါတယ်။

ဒီမနက် ဖရူဆိုမြို့နယ်၊ ထေးကလူဒေ ကျေးရွာအနီးနဲ့  ဒီးမော့ဆို- ဖရူဆို လမ်းမပေါ်ရှိ မှာ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေတိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကျေးရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။   

ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး ဒီးမော့ဆိုမြို့နယ် ငွေတောင်အမြောက်တပ်ကနေ လက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာအပြင် ဖရူဆိုမြို့နယ်က ကျေးရွာတွေပေါ်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့လို့  အမျိုးသား  ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုရွာကိုလည်း လက်နက်ကြီးကျည်တွေ  ကျရောက်ပေါက်ကွဲခဲ့သလို လယ်ထဲကနေ ပြန်ပြေးလာတဲ့  အသက် ၂၀ ကျော် အမျိုးသမီးငယ် ၁ ဦး ပေါင်မှာ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဒဏ်ရာပြင်းထန်တဲ့သူကို ဆေးရုံပို့ဖို့ လမ်းကြောင်းတွေပိတ်ထားလို့ လူမှုကူညီရေးကားတွေလည်း သွားလို့မရဘူးလို့ ထီးပေါ်ဆိုရွာခံတစ်ယောက်က ပြောပါတယ်။ 

“အဲဒီထိသွားတဲ့တယောက် လယ်ထဲကနေပြန်လာတော့ လက်နက်ကြီးကျတော့ အတွင်းထဲဝင်ဖို့ မမီတော့ဘူးပေါ့နော်။ အဲတော့ လက်နက်အစ ပေါင်ခြံထိသွားတယ်။ ဆေးရုံပို့ဖို့ ဖရူဆိုဘက်ကို ဆက်သွယ်ကြည့်တော့  ဖရူဆိုလည်း လာဖို့က လာခွင့်မပေးဘူးပြောရမှာပေါ့နော်။ သူ့ရဲ့ ဒဏ်ရာ တော်တော်လေးကိုဖြစ်နေတယ်။ နောက်သွေးကလည်း မတိတ်တော့ ကျမတို့ဘက်က ဆေးပစ္စည်းအစုံ မရှိတော့ နည်းနည်းတော့ စိုးရိမ်ရတဲ့အခြေအနေမှာပေါ့။ ”

မနက် ၁၀ နာရီ လောက်ကနေစပြီး ညနေပိုင်းအထိ လက်နက်ကြီးတွေကို ပစ်လိုက်နားလိုက်နဲ့ ပစ်ခတ်နေတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အပြင်မထွက်ရဲလို့ အိမ်တွင်းမှာသာ ပုန်းအောင်းနေကြရကြောင်းလည်း ပြောပါတယ်။ 

ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဖရူဆိုမြို့နယ် ထေးကလူဒေ ကျေးရွာအနီးလမ်းကင်းလာရောက်ချထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တဲ့အတွက် ၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က  ၅ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ ကာ လက်နက်ငယ်တချို့နဲ့ လက်နက်ကြီးတလက် သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အလားတူ ဒီးမော့ဆို- ဖရူဆို လမ်းမပေါ်ရှိ ကဒါးလားရွာအနီး ဒီမနက် ၁၁ နာရီလောက်က နှစ်ဖက် ပစ်ခတ်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013