တရုတ်စစ်တပ်ဟာ ဇူလိုင် ၆ ရက်က ပစိဖိတ်သမုဒ္ဒရာထဲကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည်တစင်း စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပြီး ဒီအပေါ်မှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ထိုင်ဝမ်တို့က ဝေဖန်တာတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ရဲ့ ရေငုပ်သင်္ဘောတစင်းဟာ မွန်းတည့် ၁၂ နာရီ ၁ မိနစ်မှာ ထိပ်ဖူးတုတပ်ဆင်ထားတဲ့ အဲဒီဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာအတွင်း နိုင်ငံတကာရေပိုင်နက်ဆီ ဦးတည်ပစ်ခတ်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလိုင်းက ပြောပါတယ်။
တရုတ်အစိုးရမီဒီယာ CCTV ကတော့ ဒီပစ်ခတ်မှုဟာ တရုတ်နိုင်ငံရဲ့ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုထဲက "ပုံမှန်လုပ်ရိုးလုပ်စဉ် အစီအစဉ်" တခုသာဖြစ်ပြီး ဘယ်နိုင်ငံ၊ ဘယ်ပစ်မှတ်ကိုမှ ရည်ရွယ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။
အစိုးရထိန်းချုပ်မှုအောက်မှာရှိတဲ့ Global Times သတင်းစာကတော့ အခု ပစ်ခတ်လိုက်တဲ့ ဒုံးကျည် အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ် စစ်ရေးပြအခမ်းအနားမှာ ပထမဆုံးထုတ်ပြခဲ့တဲ့ တရုတ်ရဲ့ အဆင့်မြင့်ဆုံး ရေငုပ်သင်္ဘောပစ်ဒုံးကျည် JL-3 ဖြစ်နိုင်ခြေများတယ်လို့ စစ်ရေးကျွမ်းကျင်သူကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာအရ အဲဒီဒုံးကျည်ဟာ တရုတ်ကမ်းရိုးတန်း ရေပြင်ကနေ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကပိုင်နက်မြေအထိ ရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။










