DVB Logo
Home
မြန်မာသတင်း
မြန်မာအတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းရန်ပုံငွေ ကန်ဒေါ်လာ ၈၆ သန်းလိုအပ်ဟု ကုလပြော
DVB
·
August 11, 2021
မြန်မာအတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းရန်ပုံငွေ ကန်ဒေါ်လာ ၈၆ သန်းလိုအပ်ဟု ကုလပြော
Donate to DVB

မြန်မာနိုင်ငံမှာ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နိုင်ဖို့ လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ကြားကာလ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၆ သန်း လိုအပ်တယ်လို့ ဒဗလျူအက်ဖ်ပီက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) အနေနဲ့ မြို့ပြစားနပ်ရိက္ခာ အ‌ထောက်အပံ့စီမံချက်တခုကို ပြီးခဲ့တဲ့ မေလတုန်းက စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး လတ်တလောအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာ ယာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက ထိခိုက်လွယ်သူ လူဦးရေပေါင်း  ၆ သိန်းခွဲအထိ တိုက် ရိုက်ကူညီပံ့ပိုးပေးနိုင်ခဲ့ကာ အဲဒီထဲမှာ မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကို ရင်ဆိုင်နေရတဲ့ လူဦးရေဟာ ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီလမတိုင်မီ ၂ ဒသမ ၈ သန်း ရှိခဲ့ရာက လာမယ့် ၆ လအတွင်းမှာ ၂ ဆတိုးပြီး ၆ ဒ သမ ၂သန်းအထိ ရှိလာနိုင်ကြောင်း ဒဗလျူအက်ဖ်ပီက ပြီးခဲ့တဲ့ ဧပြီလတုန်းက  ခန့်မှန်းထားခဲ့တာပါ။

ဒဗလျူ အက်ဖ်ပီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတီဖင် အန်ဒါဆင်က  “မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုဟာ ပိုမိုတိုးများလာသလို ပိုဆိုးရွားလာတာကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့တဝိုက်က ပျံကျရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၉၀ ရာခိုင်နှုန်းနီးပါးဟာ ငွေချေးယူပြီး အစားအစာဝယ်ယူနေကြရပါတယ်။ သူတို့ ဝင်ငွေဟာလည်း တော်တော်လေးကို ကျဆင်းသွားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မကြာသေးခင်က နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေ မငြိမ်သက်မှုတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူ ၁၇,၅၀၀ ယောက်ကိုလည်း ထောက်ပံ့ကူညီနိုင်ခဲ့ပြီး အခုသြဂုတ်လအတွင်း တိုးချဲ့ကူညီသွားဖို့လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်အနေနဲ့ အခုနှစ် ၂၀၂၁ ခုနှစ်၊ ပထမ ၇ လအတွင်း မြို့ပြ၊ ကျေးလက်လူဦးရေ စုစုပေါင်း ၁ ဒသမ ၂၅ သန်းအတွက် စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံ့တွေကိုလည်း ပေးအပ်ထောက်ပံ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013