ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဩဂုတ် ၁၀ ရက် မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် ဒီကနေ့မနက်မှာတော့ လူနေရပ်ကွက်တွေထဲရေတွေဝင်လာပြီး တရိပ်ရိပ် ရေတက်နေပါတယ်။
မယ်ခေါင်ရပ်ကွက် မိုးသောက်ကြယ်လမ်းထဲမှာဆိုရင် ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာ ရေတွေဟာ ၄ ပေလောက်ထိ မြင့်တက်လာတယ်လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ပြီး ပြောပြနေပါတယ်။
လမ်းဘေးမှာရပ်ထားတဲ့ ကားတွေထဲ ရေတွေအကုန်ဝင်သလို သူတို့အိမ်အောက်မှာ ရပ်ထားတဲ့ ကားထဲမှာရော၊ အောက်ထပ်မီးဖိုချောင်၊ ဧည့်ခန်းတွေမှာလည်း ရေဝင်နေလို့ အပေါ်ထပ်မှာ တက်နေရတယ်လို့ ဆိုပါတယ်။
တာချီလိတ်မှာ ခါတိုင်းနှစ်တွေတုန်းကလည်း ရေကြီးပေမယ့် ဒီနှစ်တော့ အဆိုးဆုံးပဲလို့ ဒေသခံက ပြောပါတယ်။
အလားတူ ဝမ်ကောင်းရပ်နဲ့ မယ်ဆိုင်ချောင်းဘေးက တာလော့ရပ်ကွက်ထဲမှာလည်း ရေတွေဝင်လာပြီး အဲဒီနေရာက ခုတော့ရေတွေပြန်ကျသွားပြီလို့ ဆိုပါတယ်။
တာချီလိတ် အနောက်မြို့ရှောင်လမ်း မင်္ဂလာဇေယျုံကျောင်းတိုက်နဲ့ အနီးနားဝန်းကျင်မှာလည်း ရွှံ့ရေတွေ စီးဝင်လာလို့ ရဟန်းသံဃာတွေ အခက်အခဲရင်ဆိုင်နေရပြီး နမ့်ယွန်းချောင်းဘေးက အကောက်ခွန်ရုံးထဲလည်း ရေဝင်တာကြောင့် မီးသတ်တပ်ဖွဲ့က ရေတွေသွားစုပ် ထုတ်ပေးခဲ့ရတယ်လို့ တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။