DVB Logo
Home
မြန်မာသတင်း
၈၈ တွင်ဒီမိုကရေစီနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသူနည်းပါးဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
August 11, 2021
၈၈ တွင်ဒီမိုကရေစီနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသူနည်းပါးဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
Donate to DVB

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီတောင်းဆိုမှုတွေရှိခဲ့ပေမဲ့  ဒီမိုကရေစီနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင်သိရှိနားလည်သူတွေ နည်းပါးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ၃၃ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီးနောက် ၂ ရက်အကြာ ဩဂုတ် ၁၀ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီခန့် အိမ်စောင့်အစိုးရအဖွဲ့ ပထမအကြိမ် အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်အား သုံးသပ်ကြည့်ပါက ဒီမိုကရေစီနဲ့ပတ်သက်လို့ ဆောင်ရွက်ရန် များစွာရှိသေးသည်ကို သင်ခန်းစာတစ်ခုအနေဖြင့်ရရှိကြောင်း၊ ဒီမိုကရေစီရဲ့ အခြေခံမူနဲ့ ကိုက်ညီအောင်လည်း ဖော်ဆောင်ပေးရမယ့် လုပ်ငန်းရပ်များ ရှိကြောင်း၊ အဆိုပါလုပ်ငန်းရပ်များမှာ ဥပဒေ၊ စည်းကမ်းတွေကို အခုထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်သော်လည်း နိုင်ငံရဲ့ ပကတိအခြေ အနေတွေနဲ့ ကိုက်ညီရန်လိုအပ်ကြောင်း၊ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီတောင်းဆိုမှုတွေရှိခဲ့ပေမဲ့ ဒီမိုကရေစီနှင့်ပတ်သက်လို့ ထဲထဲဝင်ဝင်သိရှိနားလည်သူတွေ နည်းပါးတာကို မှတ်တမ်း မှတ်ရာတွေအရ လေ့လာသိရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီတည်ဆောက်မှုကို ဆောင်ရွက်ရမှာ ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။ 

ဒါ့အပြင် မိမိတို့ဟာ နိုင်ငံရေးအစိုးရ၊ ပါတီမူဝါဒတွေနဲ့ ဆောင်ရွက်ရတဲ့ အစိုးရ မဟုတ်ဘဲ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို  မူဝါဒအဖြစ် ဆောင်ရွက်နေတာဖြစ်တယ်၊ ၊ မိမိတို့အစိုးရအဖွဲ့တာဝန်ယူရမယ့် ကာလဟာ အချိန်ကာလ ခဏသာဖြစ်တယ်၊ အရေးပေါ်ကာလသတ်မှတ်ခြင်းနဲ့ ဆောင်ရွက်လို့ မပြီးပါက ဥပဒေအရခွင့်ပြုနိုင်တာတွေရှိတာကို  အရေးပေါ်ကာလပြဋ္ဌာန်းချက်ဥပဒေ အခန်းမှာ ပါရှိပြီးဖြစ်တယ်၊ မိမိတို့အစိုးရရဲ့ စီမံခန့်ခွဲမှု၊ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုအပေါ်တွင်မူတည်ပြီး လုပ်ငန်းရပ်တွေဆောင်ရွက်ရတဲ့ ကာလတွေအပြောင်းအလဲဖြစ်လာနိုင်တယ်လို့ လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်းခန့်ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ် ကြတာကြောင့် ဗုဒ္ဓအဆုံးအမရဲ့ ယဉ်ကျေးမှုအောက်မှာ  မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာတွေများစွာရှိကြောင်း၊ ရှေးရိုးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုကို တည်ဆောက်ရာမှာ အမျိုးသားရေးစရိုက်လက္ခဏာ (National Characteristics ) ကို ပထမဆုံး ထည့်သွင်း စဉ်းစားဆောင်ရွက်ဖို့ အရေးကြီးကြောင်း လည်းပြောပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတချို့နဲ့ လူဝင်မှုပြဿနာတွေကြောင့် နိုင်ငံသားပြဿနာတွေ ရှိနေတဲ့အပြင် အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင် မရရှိသေးတဲ့ နိုင်ငံသားဦးရေ ၄ သန်းလောက်ရှိတာစစ်ဆေးတွေ့ရကြောင်း၊ တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်ရရှိရေး၊ နိုင်ငံသားတိုင်း မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်းတွေရရှိအောင် ဆောင်ရွက်ပေးဖို့လိုပြီး  ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးရမယ်လို့လည်း ပြောပါတယ်။ 

နိုင်ငံတော်အစိုးရရဲ့ ဝင်ငွေဟာ အခွန်ငွေဖြစ်ပြီး စီးပွားရေးကျဆင်းမှုနဲ့ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်တွေရှိလို့  အခွန်ငွေကောက်ခံရရှိမှုနည်းပါးနေကြောင်းနဲ့ ၊ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်လို့  သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေအနေနဲ့   မဖြစ်မနေသုံးစွဲရမယ့်  လုပ်ငန်း ကိစ္စရပ်တွေကလွဲပြီး  တတ်နိုင်သမျှချွေတာ သုံးစွဲကြဖို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်းပြောသွားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013