Nvidia အရှုပ်တော်ပုံနှင့်ဆက်နွှယ်နေသည့် ချစ်ပ်ကုမ္ပဏီ မဂ္ဂါစပိဒ်ကို အမည်ပျက် စာရင်းသွင်း

Nvidia ကုမ္ပဏီပါဝင်ပတ်သက်နေတဲ့ သူလျှိုမှုဆိုင်ရာ စုံစမ်းစစ်ဆေးချက်တခုနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတဲ့ စင်ကာပူအခြေစိုက် ချစ်ပ်ကုမ္ပဏီ မဂ္ဂါစပိဒ်ကို အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၂၃ ရက်မှာ ကုန်သွယ်ရေး အမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
Nvidia ရဲ့ CEO ဂျန်ဆန်ဟွမ်ဟာ မဂ္ဂါစပိဒ်ရဲ့ အဓိကရှယ်ယာရှင် တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး အဲလစ်စ်ဟွမ်နဲ့ ပတ်သက်မှုရှိခဲ့ကြောင်း ပေါ်ပေါက်လာပြီးနောက် အခုလို ကုမ္ပဏီကို စာရင်းထဲ ထည့်သွင်းလိုက်တာပါ။
အဲလစ်စ်ဟွမ်ဟာ ပေကျင်းအစိုးရအတွက် သူလျှိုလုပ်ပေးနေသူဖြစ်တယ်လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အမည်ပျက်စာရင်းထဲမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေဆီကို လိုင်စင် မရှိဘဲ ကုန်ပစ္စည်းတွေ၊ ဆော့ဖ်ဝဲတွေနဲ့ နည်းပညာတွေ တင်ပို့ခွင့်မရှိဘဲ၊ လိုင်စင် လျှောက်ထားရင်လည်း ခွင့်ပြုချက်ရဖို့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
စာရင်းထဲ ပါဝင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ထုတ် အပိုပစ္စည်းတွေ၊ ဆော့ဖ်ဝဲ အပ်ဒိတ်တွေ ဒါမှမဟုတ် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လိုင်စင်တွေ ရရှိဖို့ ပိုပြီး ခက်ခဲသွားနိုင်ပါတယ်။
မဂ္ဂါစပိဒ် ကုမ္ပဏီဘက်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိသေးပါဘူး။
အဲလစ်စ်ဟွမ်ဟာ တရုတ်ထောက်လှမ်းရေး အေးဂျင့်တယောက်ဖြစ်ပြီး Nvidia CEO နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နေချိန်အတွင်း ပေကျင်းအစိုးရဆီ သတင်းအချက်အလက်တွေ ပေးပို့ ခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ကောက်ချက်ချထားကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ပြီးခဲ့တဲ့လမှာ ဖော်ပြပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့ကတော့ ဒီထောက်လှမ်းရေးဆိုင်ရာ စွပ်စွဲချက်ကို သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်သေးပါဘူး။
တရုတ်နိုင်ငံကလည်း သူလျှိုစွပ်စွဲချက်တွေဟာ "အခြေအမြစ်မရှိဘူး" လို့ ပြောထားပါတယ်။ မဂ္ဂါစပိဒ် ဘက်ကလည်း အဲလစ်စ်ဟွမ်ဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လကတည်းက ကုမ္ပဏီကနေ ထွက်ခွာသွားခဲ့ပြီလို့ ဆိုပါတယ်။
Nvidia ရဲ့ AI ချစ်ပ်တွေကို တရုတ်နိုင်ငံဆီ တင်ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်စပ်ပြီး ပို့ကုန်ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်မှု ရှိ၊ မရှိ အမေရိကန်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ် ကတည်းက မဂ္ဂါစပိဒ်ကို စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနနဲ့ ကုန်သွယ်ရေးဌာနတို့က ဒီသီတင်းပတ်ထဲမှာ ပြောပါတယ်။
Nvidia က သူ့ရဲ့ လုပ်ငန်းလမ်းညွှန်စာရင်းထဲမှာ မဂ္ဂါစပိဒ်ကို တရားဝင် cloud မိတ်ဘက် အဖြစ် ဖော်ပြထားပါတယ်။
အမေရိကန် ကုန်သွယ်ရေးဌာနဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလက အမည်ပျက်စာရင်းထဲကို အဖွဲ့အစည်း အသစ်တွေကို နောက်ဆုံးအကြိမ် ထည့်သွင်းခဲ့ပါတယ်။
ထရမ့်ပ် အစိုးရအဖွဲ့အနေနဲ့ ပေကျင်းနဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်လာမှာကို ရှောင်ရှားဖို့ ကြိုးပမ်းနေတာကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိ အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခံထားရတဲ့ တရုတ် AI နည်းပညာကုမ္ပဏီ DeepSeek၊ မမ်မိုရီချစ်ပ် ထုတ်လုပ်တဲ့ CXMT ကုမ္ပဏီနဲ့ တခြားကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို ကုန်သွယ်ရေး အမည်ပျက်စာရင်းထဲ ထည့်သွင်းဖို့ အမေရိကန်က ဆိုင်းငံ့ထားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဇွန်လအတွင်း သီးသန့်ဖော်ပြ ပါတယ်။
Source:Reuters











