DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရန် ပြည်သူ၊ မဟာမိတ်အဖွဲ့များနှင့် လက်တွဲလုပ်နေဟု KIO ဥက္ကဋ္ဌ ပြော
DVB
·
August 10, 2021
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရန် ပြည်သူ၊ မဟာမိတ်အဖွဲ့များနှင့် လက်တွဲလုပ်နေဟု KIO ဥက္ကဋ္ဌ ပြော
1 / 5
Donate to DVB

လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းသွားဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့  မြန်မာပြည်သူလူထု၊ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့  ဩဂုတ်လ ၁၀ ရက် ဒီနေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

“ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ ဗမာလူမျိုးကြီးဝါဒကျင့်သုံးပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ စစ်ကောင်စီရဲ့စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းသွားဖို့ ဆုံးဖြတ်ထားတဲ့အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့၊ ဗမာပြည်သူလူထု၊ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်မှုတွေ အစီစဉ်တကျပြုလုပ်နေပါတယ်” လို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ မတ်လက စတင်ပြီး ကချင်ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲတွေ တဖန်ဖြစ်ပေါ်လာချိန် အခြားပြည်သူတွေ ကူညီထောက်ပံ့လာတဲ့ ဆေးဝါး၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းနဲ့ ငွေကြေးတွေကိုလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က လက်ခံရရှိတယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူကို ရန်သူသဖွယ် ပစ်သတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ပြည်သူလူထုနေအိမ်တွေကို မီးရှို့တာ၊ ငွေကြေးဥစ္စာ လုယက်တာ စတဲ့လုပ်ရပ်တွေကို ၂၁ ရာစု ကမ္ဘာ့ဘယ်နေရာမှာမှမရှိတဲ့ ဖက်ဆစ်စနစ်ကို ကျင့်သုံးနေတာလို့ KIO ဥက္ကဋ္ဌက ပြောပါတယ်။ စစ်တပ်ရဲ့ ဒီလိုလုပ်လုပ်ရပ်တွေကို ကချင်ဒေသမှာ နှစ်ပေါင်း ၇၀ ကျော် ခံစားခဲ့ရတာလို့လည်း ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားတွေအနေနဲ့လည်း မြန်မာတနိုင်ငံလုံးက ပြည်သူတွေ အားပေးနေတဲ့အတွက် တိုက်ပွဲတိုင်း အောင်မြင်မှုရအောင် အားစိုက်ထုတ်ကြဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေကို အထူးရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။

ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေ့ညမပြတ် ကူညီပေးနေမှုဟာလည်း ထူးခြားတဲ့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်တယ်လို့ ကျေးဇူးတင်စကား ဖော်ပြထားပါတယ်။

ပထမဆုံး ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ဇော်ဆိုင်း လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ၁၉၇၅ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် KIO က သတ်မှတ်ပြီး နှစ်စဉ် ပြုလုပ်ခဲ့တာ ဒီကနေ့ ၄၆ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ 

ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေကြောင့် အရင်နှစ်တွေလို လူစုလူဝေးနဲ့ အခမ်းအနား ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013