DVB Logo
Home
မြန်မာသတင်း
ဆရာဝန်ကြီး ဒေါက်တာ သိန်းလှိုင် (နာဂသိန်းလှိုင်) ကွယ်လွန်
DVB
·
August 10, 2021
ဆရာဝန်ကြီး ဒေါက်တာ သိန်းလှိုင် (နာဂသိန်းလှိုင်) ကွယ်လွန်
1 / 3
Donate to DVB

နာဂသိန်းလှိုင်လို့ ထင်ရှားလူသိများတဲ့  ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် အသက် ၈၈ နှစ်ဟာ   ဩဂုတ် ၁၀ ရက် ဒီနေ့ မနက် ၉ နာရီ ၁၀ မိနစ်က ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုက လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ဒေါက်တာသိန်းလှိုင်ဟာ ဝေလံသီခေါင်တဲ့ နာဂတောင်တန်းရှိ တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သူဖြစ်ပြီး မေ့ဆေးမပါပဲ ထုံဆေးနဲ့ လည်ပင်းကြီးရောဂါတွေ ခွဲစိတ်ကုပေးခဲ့ရာမှာ နာမည်ကြီးတဲ့  ဆရာဝန်တစ်ဦးဖြစ်ပါတယ်။

၁၉၃၃ ခု နိုဝင်ဘာ ၇ ရက်မှာမွေးဖွားခဲ့ပြီး ၁၉၅၇ ခုနှစ် ဆေးကျောင်းသားဘဝက  ဆေးကောလိပ်ကျောင်းသားများသမဂ္ဂရဲ့  အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲဲ့ပါတယ်။

အလုပ်သင်ဆရာဝန်ဘဝမှာ အစိုးရထောက်ပံ့ကြေးမရတဲ့ အလုပ်သင်ဆရာဝန်တွေအတွက်  ဦးဆောင်သပိတ်မှောက်ခဲ့လို့ လက်တွေ့ဆင်းနေရာကနေ အလုပ် ဖြုတ်ခံခဲ့ရပါတယ်။

၁၉၆၅ ခုနှစ်မှာ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒေါက်တာ သန်းလှိုင်ကို အပြစ်ပေးတဲ့ အနေနဲ့  ခန္တီးဒေသို့ ပို့ခဲ့စဉ် နာဂတောင်တန်းဒေသမှာ အဖြစ်များနေတဲ့ လည်ပင်းကြီးရောဂါနဲ့ တခြားခွဲစိတ်လူနာတွေကို  အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့သလို ခွဲစိတ်ကုသမှုကို လက်မခံတဲ့ နာဂလူမျိုးတွေကိုလည်း  သဘောပေါက်နားလည်စေဖို့ ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့ရသူ ဖြစ်ပါတယ်။

နာဂတိုင်းရင်းသားတွေ ရောဂါဖြစ်တိုင်းပင့်ဆောင်လေ့ရှိတဲ့  နတ်ဆရာတွေတောင် ကုသမပေးနိုင်တဲ့ လည်ပင်းကြီးရောဂါကို ဒေါက်တာသိန်းလှိုင်က ပျောက်အောင် ကုသပေးနိုင်ခဲ့လို့ နာဂတိုင်းရင်းသားတွေက  "နာဂနတ်" လို့ တင်စားခေါ်ဆိုခံခဲ့ရပါတယ်။ 

ဆရာဝန်ကြီးဒေါက်တာနာဂသိန်းလှိုင်ဟာ ထုံဆေးပညာသီးသန့် နဲ့ မေ့ဆေးမသုံးဘဲ ခွဲစိတ်ခဲ့တဲ့ လူနာပေါင်းဟာအနားယူချိန် ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း ၄၇ နှစ်အတွင်း ၂၈၉၅ ဦး အထိရှိခဲ့တယ်လို့ မှတ်တမ်းတွေရှိထားပါတယ်။ 

ဆရာကြီးဟာ ၁၉၇၁ ခုနှစ်မှာ နာဂတောင်တန်းမှ ပြန်လာပြီးနောက်   ဖြူးမြို့နယ် ဆေးရုံမှူး၊ ပုသိမ်မြို့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ နမ့်ခမ်းမြို့နယ်ဆရာဝန်ကြီး၊ မန္တလေး မီးရထားဆရာဝန်ကြီး၊ သာယာဝတီမြို့နယ်ဆရာဝန်ကြီး စသဖြင့် တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်မှာ အစိုးရဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့ပါတယ်။

အငြိမ်းစားယူပြီးနောက် ဒေါက်တာနာဂသိန်းလှိုင်ဟာ ပြင်ဦးလွင်မြို့မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်နေထိုင်ခဲ့ကာ တောင်ကြီးမြို့ ကမ္ဘောဇဆေးရုံ ခွဲစိတ်ဆရာဝန်အဖြစ်လည်းကောင်း၊  ရန်ကုန်မြို့ရှိ အောင်ရတနာဆေးခန်း၊ စိတ္တသုခဆေးခန်းတို့မှာလည်း  ဆေးကုသမှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဆရာကြီး နာဂသိန်းလှိုင် အကြောင်း  အတ္ထုပ္ပတ္တိကို စာရေးဆရာ  ညီပုလေးက ဝတ္ထုဟန်ဖွဲ့ထားတဲ့ ‘ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဟာ ၂၀၁၆ ခုနှစ်အတွက်  အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။

Photo Credit-MyoThant/MyatTheinTun/Bookforus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013