
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပိုက်သင်ကျေးရွာက လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က သြဂုတ် ၉ ရက်နေ့မွန်းလွဲပိုင်းမှာ သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က အရပ်ဝတ်ထားတဲ့သူတွေ အိမ်စီးကားတွေနဲ့ ပိုက်သင်ရွာကို ရောက်လာပြီး သပိတ်ခေါင်းဆောင် ကိုမောင်စန်းကို မတွေ့ရှိတာကြောင့် ကိုဗစ်စစ်ဆေးရေးဂိတ်မှာ တာဝန်ယူနေတဲ့ ကိုမင်းမင်း၊ ကိုအာရန်း၊ ကိုတင့်လွင်နဲ့ ကိုအောင်ဇေယျတို့ကို လက်ပြန်ကြိုးတုပ်ပြီး သပိတ်ခေါင်းဆောင်ရှိတဲ့နေရာကို ခြိမ်းခြောက်မေးမြန်းခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။
ဒီနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ် ကိုအောင်ဇေယျ နောက်ကျောကနေ ရှေ့အထိ ဖောက်ထွက်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ကျန်တဲ့ ၃ ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။