DVB Logo
Home
မြန်မာသတင်း
မူဆယ် မိုးကုတ်ဝိပဿနာကျောင်းတိုက် သံဃာတော်၊ သီလရှင်နှင့်ယောဂီ ၅၀ နီးပါး ကိုဗစ်-၁၉ ပိုးကူးစက်ခံရ
DVB
·
August 9, 2021
မူဆယ် မိုးကုတ်ဝိပဿနာကျောင်းတိုက် သံဃာတော်၊ သီလရှင်နှင့်ယောဂီ ၅၀ နီးပါး ကိုဗစ်-၁၉ ပိုးကူးစက်ခံရ
1 / 10
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မော်တောင်းကျေးရွာအုပ်စု ကောင်းဝှက်ရွာရှိ မိုးကုတ်ဝိပဿနာရိပ်သာကျောင်းတိုက်မှာ မနေ့က ရဟန်းသံဃာ၊ ကိုရင်၊ သီလရှင် နဲ့ ယောဂီ စုစုပေါင်း ၄၈ ဦး ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရတာ တွေ့တယ်လို့ မူဆယ် သဒ္ဓါဖြူစင်ပရဟိတလူမှုကူညီရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။ 

ကျောင်းတိုက်မှာ အဲဒီရက်မတိုင်ခင်က ကွယ်လွန်သွားတဲ့ သီလရှင်တစ်ပါးကို စစ်ဆေးရာမှ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် ကျန်သူအားလုံးနီးပါး ကူးစက်ခံထားရတာလို့ သဒ္ဓါဖြူစင်အသင်း အတွင်းရေးမှူး-၁ ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီကျောင်းတိုက်မှာတနေ့က သီလရှင် ၁ ပါးကွယ်လွန်သွားပြီး အလောင်းကို စစ်ဆေးကြည့်တော့ ကိုဗစ် ၁၉ ပိုးတွေ့တာနဲ့ ကျန်တဲ့သူတွေအကုန်လုံး ဆေးစစ်ကြည့်တာ မနေ့က  ၄၈ ဦး ထပ်တွေ့တယ်လို့ ဆရာတော်ကြီးက ပြောပါတယ်ခင်ဗျ။ ပိုးမတွေ့တာက ၁၀ ကျော်လောက်ပဲ ရှိတယ်၊ တကျောင်းလုံးနီးပါးကူးတာပေါ့။ ကျနော်တို့က ပိုးတွေ့လူနာတွေကို ဆေးရုံပို့ပေးတာ သံဃာတွေကိုတော့ ခရိုင်ပြည်သူ့ဆေးရုံသစ် သံဃာများ အဆောင်မှာ သီးသန့်ခွဲပြီး ပြုစုကုသထားပါတယ်၊ ကျောင်းတိုက်ကိုတော့ လော့ဒေါင်းချထားတယ်။ ကျောင်းတိုက် ပုရဝုဏ်အကုန်လုံး အိမ်သာ၊ ရေချိုးခန်းတွေပါမကျန် ကျနော်တို့ အသင်းက ပိုးသတ်ဆေး သွားဖြန်းခဲ့ပါတယ်ခင်ဗျ။”

အဆိုပါကျောင်းတိုက်က ပိုးကူးစက်ခံရသူတွေမှာ  ရဟန်းသံဃာရှင်သာမဏေ ၂၃ ပါး၊ သီလရှင် ၇ ပါး၊ ယောဂီ (ကျား) ၁၀ ဦး၊ ယောဂီ (မ)  ၄ ဦး၊ ကျောင်းသား ၄ ဦးတို့ ဖြစ်ပြီး စုစုပေါင်း ၄၈ ဦးဖြစ်ပါတယ်။ 

ကွယ်လွန်သွားတဲ့ သီလရှင်ကတော့ ရခိုင်ပြည်နယ်ကဖြစ်ပြီး ရခိုင်နဲ့မူဆယ်၊ မန္တလေး၊ စစ်ကိုင်း စတဲ့ဘက်တွေလည်း မကြာခဏ ဝင်ထွက်သွားလာလေ့ရှိတယ်လို့ ဆိုပါတယ်။ 

မူဆယ်မှာ နေ့တိုင်းလို ကိုဗစ်-၁၉ ပိုးကူးစက်သူတွေ့ရှိပြီး ဒီကနေ့လည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မူဆယ်နန်းတော်ပေါက်ကနေ ကိုဗစ် ၁၉ ပိုးတွေ့သူ ၂ ဦးကို ဆေးရုံသို့ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မူဆယ်မှာ ကိုဗစ်တတိယလှိုင်းကာလ ကူးစက်ခံရသူအနည်းဆုံး ၄၉၀ ဝန်းကျင်နဲ့ သေဆုံးသူ ၅၀ လောက်ရှိကြောင်း၊ ပရဟိတအဖွဲ့တွေများပြီး သူ့အဖွဲ့နဲ့သူ လူနာပို့ကြိုနေကြတာကြောင့် စာရင်းအတိအကျ မသိရဘူးလို့ ဆိုပါတယ်။ 

လူနာတွေက များလာနေတော့ သူတို့အသင်းမှာလည်း လူနာတင်ကားဓာတ်ဆီဖိုး၊ နှာခေါင်းစည်း၊ PPE ဝတ်စုံ၊ အောက်စီဂျင်ဘူးတွေ မလောက်မငဖြစ်နေလို့ လှူဒါန်းထောက်ပံ့လိုပါက  သဒ္ဓါဖြူစင်လူမှုရေးအသင်း ဖုန်းနံပါတ် ၀၉ ၈၆၁၁၁၄၇ နဲ့ ၀၉ ၄၂၂၈၈၅၅၃၆ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013