
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ သြဂုတ် ၅ ရက်က စစ်အာဏာရှင်တပ် စစ်ကြောင်းကနေ မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ်တွေ အပါအဝင် အဆောက်အအုံ ၂၀ ကျော် မီးလောင်ပျက်စီးကာ ပြည်သူပိုင်ဆိုင်ကယ်တွေ အပါအဝင် တခြားပစ္စည်းတွေကိုလည်း ခိုးယူ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မလှိုင်မြို့အခြေစိုက် လူထုသတင်းကွန်ရက်အဖွဲ့ရဲ့ တာဝန်ခံက “အခုလ ၄ ရက်မှာ ဆိတ္တိန်းရွာထဲကို ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက အဲဒီနေ့ နေ့လယ်ပိုင်း ဆိတ္တိန်းရွာကနေ ကမ်းဖြူရွာကို ဆက်ထွက်လာပြီးတော့ ကမ်းဖြူရွာထဲမှာ တညအိပ်ပါတယ်။ ၅ ရက်နေ့ မနက်ပိုင်းမှာ ကမ်းဖြူရွာကနေ ကြီးကန်ရွာနဲ့ ကြို့ပင်သာရွာတွေထဲကို ဝင်ရောက်ပြီးတော့ ပြည်သူပိုင်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက် ယူငင်သွားကြသလို ဆိတ္တိန်း(မြောက်)ရွာကို မီးရှို့သွားလို့ နွားစာတိုက်တွေ အပါအဝင် ပြည်သူပိုင်အိမ် ၂၁ အိမ် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အခုအရေအတွက်ထက်လည်း ပိုများနိုင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေ အပါအဝင် ပြည်သူတချို့ကိုလည်း ဓားစာခံလုပ်ပြီး ဖမ်းသွားတယ်လို့ သိရပေမဲ့ အရေအတွက် အတိအကျတော့ စုံစမ်းနေပါတယ်။ တခြားရွာတွေ မီးရှို့ခံရတဲ့ အခြေအနေကလည်း သတင်းမရသေးဘူး။ ညနေပိုင်းမှာတော့ ကြို့ပင်သာရွာတွေဘက်ကနေ အနောက်ဘက် ကူတောရွာကိုတော့ ဆက်ထွက်သွားတာပဲ” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းပါတဲ့ စစ်တပ်လက်အောက်ခံတွေဟာ ဆိတ္တိန်းတောင်ကျေးရွာက လိုက်ထရပ်ကားတစီး၊ လယ်ကြီးကျေးရွာက ထော်လာဂျီတစီး၊ ဆိတ္ထိန်း(တောင်) ကျေးရွာနဲ့ ဆိတ္ထိန်း(မြောက်) ကျေးရွာတွေက ဆိုင်ကယ်အစီး ၂၀ ဝန်းကျင်တို့ကိုလည်း ယူဆောင်သွားကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်လက်အောက်ခံတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဆိတ္ထိန်း(တောင်)ကျေးရွာနဲ့ ဆိတ္ထိန်း(မြောက်) ကျေးရွာတွေအပြင် ကမ်းဖြူကျေးရွာ၊ ကြီးကန်ကျေးရွာ၊ ကြို့ပင်သာကျေးရွာ၊ ကူတောကျေးရွာတွေက ဒေသခံပြည်သူတွေကတော့ ကြောက်လန့် ထွက်ပြေးနေကြရပါတယ်။
ကျောက်ပန်းတောင်းနယ် ပုပ္ပါးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အခုလ ၃ ရက်နေ့တုန်းကစပြီး ကျောက်ပန်းတောင်းကနေ ထွက်လာတဲ့ အဲဒီစစ်ကြောင်းမှာ အင်အား ၅၀၀ လောက် ပါလာတယ်။ မလှိုင်-တောင်သာ-ကျောက်ပန်းတောင်း နယ်အစပ်က ရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာ။ တိုက်ပွဲတွေ အခြေအနေတွေကတော့ သက်ဆိုင်တဲ့အဖွဲ့တွေဘက်က ထုတ်ပြန်လာပါလိမ့်မယ်” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယူဖျက်ဆီးတာတွေ မကြာခဏ ပြုလုပ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။










