
အိန္ဒိယနိုင်ငံ ကျောင်းသားလှုပ်ရှားမှုကို ထောက်ခံတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ဇူလိုင် ၂၄ ရက်မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET) မေးခွန်းပေါက်ကြားတာကစပြီး ကျောင်းသားတွေဟာ သူတို့ရဲ့ နစ်နာမှုတွေအတွက် ဆန္ဒပြတောင်းဆိုကြတာကို မိုဒီအစိုးရက အကြမ်းဖက် နှိမ်နင်း နေတယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ပေါ့ဆမှုကြောင့် မေးခွန်းပေါက်ကြားတာဖြစ်လို့ တာဝန်ရှိသူတွေက ဖြေရှင်း ပေးရမဲ့အစား နစ်နာခဲ့တဲ့ ကျောင်းသားတွေကို ဖိနှိပ်နှိမ်နင်းတာဟာ ဒီမိုကရေစီနဲ့ အမှန်တရား အတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားထုကို စော်ကားလိုက်တာပဲလို့ ဆိုပါတယ်။
အိန္ဒိယပြည် ကျောင်းသားတွေရဲ့လှုပ်ရှားမှုဟာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့် နစ်နာခဲ့ရတဲ့ ကျောင်းသားတွေအတွက် ဒီမိုကရေစီ နည်းလမ်းအရ တိုက်ပွဲဝင်တောင်းဆိုနေတာလို့ ဆိုပါတယ်။
ဆန္ဒပြတာဟာ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်ပြီး ဗကသများအဖွဲ့ချုပ်အနေနဲ့ ဆန္ဒပြတောင်းဆို တိုက်ပွဲဝင်နေကြတဲ့ အိန္ဒိယနိုင်ငံ ကျောင်းသားထုနဲ့အတူ ရပ်တည်ထောက်ခံတယ်လို့ ထုတ်ပြန် ဖော်ပြပါတယ်။
ကျောင်းသားလှုပ်ရှားမှုကို အာဏာရှင်တွေလို အကြမ်းဖက်နှိမ်နင်းနေတဲ့ မိုဒီအစိုးရကို ကန့်ကွက် ရှုတ်ချပြီး အိန္ဒိယပြည် ကျောင်းသားထုလှုပ်ရှားမှု အောင်ပွဲရရှိပါစေကြောင်းနဲ့ အိန္ဒိယပြည် ကျောင်းသား ထုတောင်းဆိုနေတဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ စာမေးပွဲအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပညာရေးဝန်ကြီး နုတ်ထွက်ရေးတို့ကို အိန္ဒိယအစိုးရအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးရမယ်လို့လည်း ဆိုပါတယ်။
Photo: Reuters











