DVB Logo
Home
နိုင်ငံတကာ
ဗြိတိန် စတုန်းဟန်းဂျ် ကျောက်တိုင်၌ လူ ၂၀,၀၀၀ စုရုံးပြီး နွေယဉ်စွန်းချိန်ကို ကြိုဆို
DVB
·
June 22, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဇွန် ၂၁ ရက်နေ့မှာ ကမ္ဘာ့မြောက်ခြမ်းရဲ့ နေ့တာအရှည်ဆုံး နွေယဉ်စွန်းချိန်ကို ကြိုဆိုဖို့အတွက် ဗြိတိန်နိုင်ငံ အင်္ဂလန်တောင်ပိုင်း ဝစ်လ်ရှိုင်းယားဒေသက ရှေးဟောင်း စတုန်းဟန်းဂျ် ကျောက်တိုင်ကွင်းကြီးဆီကို လူ ၂၀,၀၀၀ ဝန်းကျင် လာရောက်စုရုံးခဲ့ကြပါတယ်။

လာရောက်သူတွေဟာ နေထွက်တာကို ကြည့်ရှုဖို့ ညလုံးပေါက် စောင့်ဆိုင်းခဲ့ကြပြီး သမိုင်းမတင်မီခေတ်က အထိမ်းအမှတ် အဆောက်အအုံပေါ် ကျော်ပြီးတော့ နေထွက်လာချိန်မှာတော့ ဝမ်းသာအားရ အော်ဟစ်ကြိုဆိုခဲ့ကြပါတယ်။

English Heritage အဖွဲ့က သမိုင်းပြတိုက်မှူး ဂျန်နီဖာ ဝက်စ်စလာက “ဒါဟာ တကယ်ကို လှပတဲ့ နွေယဉ်စွန်းချိန်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့သလို အားလုံးလည်း ပျော်ရွှင်နေကြပါတယ်” လို့ ပြောပါတယ်။

မနက်လင်းလာချိန်မှာတော့ လာရောက်သူတွေဟာ ကပြတီးမှုတ်တာတွေ လုပ်ခဲ့ကြသလို ပုံမှန်အချိန်တွေမှာ အနီးကပ်ခွင့်မပြုတဲ့ ဧရာမကျောက်တိုင်ကြီးတွေကိုလည်း ကိုင်တွယ်ခွင့် ရခဲ့ကြပါတယ်။

ဒီရှေးဟောင်းကျောက်တိုင်တွေဟာ နေရဲ့ ရွေ့လျားမှုနဲ့ တိတိကျကျ တတန်းတည်း ရှိနေတာကြောင့် နာမည်ကြီးပြီး နွေယဉ်စွန်းချိန်မှာဆိုရင် ဟီးလ်စတုန်းခေါ် ကျောက်တိုင်နောက်ကနေ နေထွက်လာလေ့ရှိပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒီကျောက်တိုင်ကွင်းကြီးကို ဘီစီ ၃၀၀၀ နဲ့ ဘီစီ ၂၀၀၀ ကြားကာလမှာ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ခန့်မှန်းထားပါတယ်။

တန်ချိန် ၂၅ တန်အထိ လေးလံတဲ့ ဒီဧရာမကျောက်တိုင်တချို့ကို မိုင်ပေါင်းရာချီ ဝေးကွာတဲ့ ဝေးလ်စ် ဒေသကနေ ခက်ခဲပင်ပန်းစွာ သယ်ဆောင်လာခဲ့တာလို့လည်း လေ့လာမှုတွေက ဖော်ပြပါတယ်။

ဒါကြောင့်လည်း စတုန်းဟန်းဂျ်ဟာ ကမ္ဘာတဝန်းက ခရီးသွားတွေအပြင် ရှေးဟောင်းယုံကြည်မှု ကိုးကွယ်သူတွေအတွက်ပါ အထွတ်အမြတ်ထားရာ နေရာတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013