DVB Logo
Home
မြန်မာသတင်း
လုပ်ကြံရန်ကြံစည်မှု၏ နောက်ကွယ်ကကြိုးကိုင်သူကို စုံစမ်းနေဆဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
DVB
·
August 7, 2021
လုပ်ကြံရန်ကြံစည်မှု၏ နောက်ကွယ်ကကြိုးကိုင်သူကို စုံစမ်းနေဆဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုတာ စုံစမ်းမှုဖြစ်စဉ်ပြီးတဲ့အထိ စောင့်ပြီးမှ ပြောနိုင်မယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးလိုက်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဩဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်မိုးထွန်းက “ကျနော် ဒီမှာရှိနေတာ အတိုင်းအတာတခုအနေနဲ့ စစ်ကောင်စီဘက်ကို လိုလားတဲ့သူတွေအတွက် ကသိကအောက်ဖြစ်မှာကတော့ သိသာပါတယ်။ အခုလိုမျိုးဖြစ်စဉ်မှာ နောက်ကွယ်က ဘယ်သူတွေရှိလဲဆိုတာတော့ သူတို့အနေနဲ့ စုံစမ်းမှုဖြစ်စဉ်ပြီးတဲ့အထိ စောင့်ပြီးမှ ပြောနိုင်မယ် ထင်ပါတယ်။ ဒီလိုကိစ္စတွေကတော့ ထင်ကြေးပေးဖို့ အဆင်မပြေဘူး။ ထင်ကြေးပေးလို့ မှားသွားရင် မကောင်းဘူးပေါ့။ ဒါကြောင့် ထင်ကြေးမပေးတာတော့ ပိုကောင်းပါတယ်။ သူတို့ သက်ဆိုင်ရာ ဥပဒေအေဂျင်စီတွေက သူတို့လုပ်စရာရှိတာလုပ်ပြီးတော့ ထုတ်ပြန်ကြေညာချက်တွေ စောင့်ကြည့်ပြီးမှ မျက်ခြည်မပြတ် ကြည့်သွားဖို့ လိုပါတယ်။ ဒီအမှုပေါ် အခြေတည်ပြီးတော့ လုံခြုံရေးပိုင်းတွေ ပိုပြီးဂရုပြုပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုနဲ့  နယူးယောက်မှာရှိတဲ့ ဖြိုးဟိန်းထွဋ် (၂၈ နှစ်) နဲ့ ရဲဟိန်းဇော် (၂၀ နှစ်) တို့ကို ဖမ်းဆီးလိုက်ပြီး  ပူးပေါင်းကြံစည်မှုအတွင်းမှာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၅၀၀၀ ကို အွန်လိုင်းကနေ လွှဲပေးခဲ့တာကိုလည်း စစ်ဆေးပေါက်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ရောင်းနေတဲ့ ထိုင်းလက်နက်ပွဲစားနဲ့လည်း ဆက်သွယ်ပြီးတော့ ပထမအဆင့် ထိခိုက်ဒဏ်ရာရအောင် ခြိမ်းခြောက်ပြီး သံအမတ် ရာထူးကနေ မနုတ်ထွက်ရင် လုပ်ကြံသတ်ဖြတ်ဖို့အထိ အကြံပေးခဲ့ပါတယ်။

ခုလို့ခြိမ်းခြောက်မှုကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် အမေရိကန် အာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့်ချထားပေးတယ်လို့ ဦးကျော်မိုးထွန်းက ပြောထားပါတယ်။

လက်ရှိအမေရိကန်အာဏာပိုင်တွေက ဦးကျော်မိုးထွန်းကို ၂၄နာရီလုံခြုံရေးပေးထားပြီး အမှုမှန်ပေါ်ပေါက်အောင် အချိန်တိုအတွင်းဆောင်ရွက်ပေးနေတဲ့အတွက် သူ့လုံခြုံရေးအတွက် မစိုးရိမ်ကြဖို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ လုံခြုံရေးခြိမ်းခြောက်ခံရတာဟာ စစ်ကောင်စီကို ဆုံးတဲ့အထိတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေတယ်လို့လည်း ဆိုပါတယ်။

"ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စပြီးတော့ ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်ပြီးတော့ ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ဆိုတာ အပြီးဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ပြည်သူအားလုံးတမ်းတနေတဲ့ ဒီမိုကရေစီအမြန်ဆုံးပြန်လည်ရရှိရေး စစ်တပ်ကဏ္ဏပြီးဆုံးရေး အမြန်ဆုံးဆောင်ရွက်သွားဖို့ဆိုတာ ပိုပြီးတော့ ပီပီပြင်ပြင်ဖြစ်လာပါတယ်။ ဇူလိုင် ၂၉ရက်နေ့မှာပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှာ ဒီကိစ္စကို ကျနော်ထုတ်ပြောခဲ့တာရှိပါတယ်။ ပြည်သူတွေက စစ်ကောင်စီကိုဆုံးတဲ့အထိတိုက်ပွဲဝင်သွားမယ် ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတာ အဲ့ဒီအစည်းအဝေးမှာ ကျနော်ထည့်ပြောခဲ့ပါတယ်။ အခုလည်း ကျနော် ထပ်ပြောပါမယ်။ စစ်တပ်ပြီးဆုံးတဲ့အထိ အတူတကွလက်တွဲပြီးတိုက်ပွဲ ဝင်သွားမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဒါက ပိုခိုင်မာလာတယ်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကလည်းပိုခိုင်မာလာမယ်လို့လည်း ယုံကြည်ပါတယ်။"

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာ့ရွေးကောက်ခံ အန်အယ်လ်ဒီ အရပ်သားအစိုးရကို ကိုယ်စားပြုသူ ဖြစ်ပြီးတော့ စစ်ခေါင်းဆောင်တွေက သူ့ကို ရာထူးကနေ ဖယ်ရှားကြောင်း ကြေညာခဲ့ပေမဲ့ ကုလသမဂ္ဂကတော့ စစ်အာဏာသိမ်းတာကို အသိအမှတ်မပြုတဲ့အတွက် သူဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတာပါ။ 

အာဏာသိမ်းစစ်ကောင်စီကတော့ ဦးကျော်မိုးထွန်းကို နိုင်ငံကို သစ္စာဖောက်မှုနဲ့ ရာထူးက ထုတ်ပယ်ကြောင်း ဖေဖော်ဝါရီမှာ ကြေညာခဲ့ပြီး မေလမှာတော့ စစ်တပ်ကခန့်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်က ကုလသမဂ္ဂသံအမတ်အဖြစ် ဦးအောင်သူရိန်ကို အစားထိုး ခန့်အပ်ကြောင်း ကုလ အတွင်းရေးမှူးချုပ်ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ အပြိုင်အဆိုင်တင်တဲ့ ဘယ်အဆိုကိုမဆို အဖွဲ့ဝင် ၉ယောက်ပါတဲ့ ကော်မတီက ဆုံးဖြတ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကိုတင်သွင်းမှာပါ။  ဒီကော်မတီဟာ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် လာမယ့်လမှာ အစည်းအဝေးကျင်းပဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013