DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့နယ်က စစ်ဘေးရှောင်စခန်း တစ်ခုတွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားနေ
DVB
·
August 6, 2021
လွိုင်ကော်မြို့နယ်က စစ်ဘေးရှောင်စခန်း တစ်ခုတွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားနေ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊, အရှေ့ဘက်ခြမ်းက လူပေါင်း  ၂၅၀၀ ကျော် နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းတခုမှာ ကိုဗစ်- ၁၉ ကူးစက်မှုဖြစ်ပွားနေပြီး ဩဂုတ် ၄ ရက်ကနေ ၆ ရက်နေ့ အထိ ကူးစက်ခံရသူ ၁၈ ဦး ဦးရှိတယ်လို့ အဲဒီစခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာ အောင်စိုးထွန်းက ပြောပါတယ်။

“ကျနော်က ဒီစခန်းမှာ ဆေးခန်းလေးအထိုင် ဖွင့်ပေးထားတာပေါ့။ ဖွင့်ပေးထားတော့ ၄ ရက်နေ့ ညနေပိုင်းမှာ ကလေးမလေး နှစ်ယောက်က ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ညီမ ဝမ်းကွဲ နှစ်ယောက်ဆေးခန်းကိုလာပြတယ်။  ပြတော့ သူတို့က ဖျားတယ်၊ ခေါင်းကိုက်တယ်၊ ဝမ်းလျောတယ်၊ အနံ့ပါ ပျောက်သွားတယ်လို့ ပြောတာနဲ့ ကျနော်နဲ့ နောက်ထပ်ဆရာဝန် ကျနော်တို့သွားကြည့်ပြီး Rapid tast  နဲ့ နှစ်ယောက်လုံးကို စစ်လိုက်တာ အဲနှစ်ယောက်က တယောက်က positive စတွေ့တာ။  သူနဲ့အတူ ကလေးတွေ ဒီစစ်ဘေးရှောင်စခန်းမှာ ပရဟိတစာ သင်ပေးနေတဲ့ အဖွဲ့လည်းရှိတာပေါ့နော်။ အဲမှာတက်နေတဲ့ တခြားကလေးတွေကိုပါ ဖျားတယ်၊ လည်ချောင်းနာတယ်၊ အနံ့နည်းနည်းပျောက်ချင်တယ်ပြောကြတော့ အဲဒါပါ စစ်လိုက်တော့  အဲဒီညနေမှာ ၄ ယောက်စတွေ့တာဗျာ။”

ကိုဗစ် positive ဖြစ်တဲ့ ကလေးတွေနဲ့ ထိစပ်တဲ့ တခြားကလေးတွေနဲ့ မိသားစုဝင်တွေကို ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦးရှိလာပြီလိုလည်း ဒေါက်တာအောင်စိုးထွန်းက ပြောပါတယ်။

ဒီစစ်ရှောင်စခန်းတွင်း လက်ရှိ ကိုဗစ်အတည်ပြုလူနာ အများစုဟာ ကလေးတွေဖြစ်ပေမယ့် စစ်ရှောင်စခန်းမှာ သက်ကြီးရွယ်အိုတွေ ရှိနေတဲ့အတွက် ဒီသက်ကြီးရွယ်အိုတွေပါ ကူးစက်မှာကို စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ဒါအပြင် လတ်တလော အလှူရှင်က လှူထားတဲ့ ဆေးဝါးတွေ ရှိပေမယ့် မီးမရတဲ့ စခန်းအနေနဲ့ နောက်ဆက်တွဲ ကိုဗစ်ရောဂါ ဆက်ဖြစ်ပွားမယ်ဆိုရင် ကုသပေးနိုင်ဖို့ အောက်ဆီဂျင်အိုးတွေ လှူဒါန်းစေချင်ကြောင်းလည်း ပြောပါတယ်။

“ကျနော်အဓိက လိုချင်တာက အောက်ဆီဂျင်အိုးတွေပဲ။ တခြားလိုတဲ့ test kit တွေ ဘာတွေကကျတော့ အခုလောလောဆယ် တတ်နိုင်သလောက် အလှူရှင်နဲ့ချိတ်ပြီး အလှူရှင်တွေ လှူတော့ လှူပေးနေတယ်။ ဒါပေမယ့် ပြဿနာက ဒီရက်ပိုင်းမှာ စကစက မြို့နဲ့ ကျနော်တို့ဆီလာတဲ့ လမ်းကြောင်းတွေကို အကုန်လိုက်ပိတ်နေတာ။ လာသမျှ လူတွေကို အကုန်လုံးဖမ်းပြီး စစ်နေတာ။ အဲတော့ ကျနော်တို့ စိတ်ပူတာ အလှူရှင်တွေက ကျနော်တို့ဆီ အောက်ဆီဂျင် လှူရတာလည်း ခက်နေမှာစိုးတယ်။ အခုလောလောဆယ်တော့ အရမ်းဆိုးဝါးတဲ့ အခြေအနေ မရှိသေးပေမယ့် အောက်ဆီဂျင်က ဆောင်ထားသင့်ပြီလို့ ယူဆလို့၊ အဓိက အောက်ဆီဂျင်လိုချင်တယ်။”

စစ်ရှောင်စခန်းမှာ အခုလို ကိုဗစ်-ကူးစက်မှုရှိလာတဲ့အတွက် စခန်းကို lock down ချဖို့ စီစဉ်နေပေမယ့် လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှုတွေရှိနေသလို  တပ်တွေထဲက အမြောက်တပ်တွေလည်း ဦးတည့်ရာ ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ကျန်းမာရေးအတွက် Lock down ချဖို့  အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။

“ကျနော်က အရင်က ကုနေတဲ့ သွေးတိုး၊ ဆီးချို၊ နှစ်လုံးသမားတွေရှိတယ်။ အဲလိုလူတွေဆိုရင် ဆေးကို လုံးဝဝယ်လို့ မရဘူး။ မြို့ကို ဘယ်သူမှ မပြန်ရဲတော့တာ။ အဲတော့ သောက်လက်စ ဆေးတွေ မရှိတော့ဘူး။  အဲဒီဆေးတွေက ကျနော်တို့က ဝယ်ပြီးပေးနေတော့ နည်းနည်းလေး contro ရနေသေးတာပေါ့။ ဒါပေမယ့် ကိုဗစ်ကကျတော့ လေရှူတာနဲ့ကို ကူးနေတဲ့ဟာကြီး ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ စိုးရိမ်တာက ရောဂါအခံရှိတဲ့ အဘိုးအဘွားတွေ ဒီကိုဗစ်သာ ဖြစ်ရင် ဒုက္ခရောက်မှာ။ ကျနော်တို့ဆီမှာ အခု သူတို့ကို ၁၄ ရက် lock down ချဖို့ လုပ်ထားတယ်။ ကိုယ့်တဲမှာပဲ ကိုယ်နေမယ်။ အစားအသောက်တွေလိုရင်  ဒီက လှူတဲ့လူတွေနဲ့  အဲဒီအရာကို ပို့ပေးမယ်လို့ လုပ်ထားတယ်။ ၁၄ ရက် lock down ရသွားရင်တော့ contro ရသွားမယ်လို့ ကျနော်ယူဆယ်။ ဒါပေမယ့် ပြဿနာ ဒီရက်ပိုင်း စကစက နေ့တိုင်းနီးပါး ထိုးစစ်ဆင်တာ။ ထိုးစစ်ဆင်တဲ့အပြင်  သူတို့က မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတာ။ သူတို့ထုတယ်ဆိုတာ နေရာအတည်တကျမရှိဘူး။ သူတို့ထုချင်တဲ့နေရာတွေကို ထုနေတာ။ အဲတော့ ကျနော်တို့ စခန်းဘက်တွေကိုလည်း အချိန်မရွေး အဲဒီလက်နက်တွေ ကျလာနိုင်တယ်။ လက်နက်ကျရင် အကုန်လုံးက ပြေးရမှာ၊ ပြေးရမယ်ဆိုရင် အခုနက ၁၄ ရက် lock down ဆိုတဲ့အစီအစဉ်က အဆင်ပြေပါ့မလားဆိုတာ ရှိတယ်။ ကိုဗစ်က သေမသေမသိဘူး။ လက်နက်ကျရင် အကုန်လည်း ပြေးကြရင် အဲဒါတော့ ဒုက္ခရောက်မှာ။ ”

စစ်ရှောင်စခန်းတွေက စစ်နဲ့ကိုဗစ်ရောဂါအကြား ဒီလို အခက်အခဲဖြစ်နေရသလို  လွိုင်ကော်မြို့ပေါ်မှာလည်း ကိုဗစ်ကူးစက်မှုတွေဟာ  နေ့စဉ်နှင့်အမျှ ဆက်လက်ကူးစက်ပြန့်ပွားနေပါတယ်။

သြဂုတ် ၅ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၇၄၉ ဦး ထိမြင့်တက်နေပြီး သေဆုံးသူ  ၃၃ ဦး ရှိနေပြီဖြစ်ပါတယ်။  

ကိုဗစ်တွေ့ရှိမှုထဲမှာ လွိုင်ကော်က ၅၈၀ နဲ့အများဆုံးဖြစ်ပြီး ဖားဆောင်းမြို့နယ်က ၁၄၇ ဦးနဲ့ ဒုတိယများဆုံးဖြစ်ပါတယ်။ သေဆုံးသူ ၃၃ ဦးထဲက  ၃၂ ဦးဟာ လွိုင်ကော်မြို့နယ်ထဲက ဖြစ်ပြီး ၁ ဦးကတော့ ဖရူဆိုမြို့နယ်က ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013