DVB Logo
Home
မြန်မာသတင်း
နေပြည်တော်စည်ပင် ဒုဥက္ကဋ္ဌ ဦးရဲမင်းဦးကို အဂတိလိုက်စားမှုဖြင့် စစ်ကောင်စီအမှုဖွင့်
DVB
·
August 6, 2021
နေပြည်တော်စည်ပင် ဒုဥက္ကဋ္ဌ ဦးရဲမင်းဦးကို အဂတိလိုက်စားမှုဖြင့် စစ်ကောင်စီအမှုဖွင့်
Donate to DVB

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊  ဦးရဲမင်းဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့  ဩဂုတ် ၅ ရက် ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဦးရဲမင်းဦးဟာ သူရာထူးတာဝန်ရှိစဉ်က နေပြည်တော်မြို့မဈေးမှာ မီဒီယာစင်တာ ဆောက်လုပ်တဲ့ကိစ္စအပါအဝင် တခြားလုပ်ငန်းတွေမှာ   အဂတိလိုက်စားမှုတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းမှာ ဖော်ပြပါတယ်။

ဦးရဲမင်းဦးဟာ နေပြည်တော်မြို့မဈေးပွဲရုံတန်းမှာ Information Center တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းတွေနဲ့  တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဘဲ သူနဲ့ ဆက်စပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို တန်ဖိုး ငွေကျပ် ၁၆၉ သန်းကျော်နဲ့ စာချုပ်ချုပ်ဆိုငှားရမ်းခဲ့တာ၊ ကုမ္ပဏီတစ်ခုက တင်ဒါစီမံကိန်း မဟုတ်ဘဲ တင်ဒါစီမံကိန်းလို့ ဖော်ပြပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ငွေကျပ် ၅၉ သန်းကျော် ချေးယူရာမှာ ထုတ်ချေးဖို့ အတည်ပြုဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံတော် ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်တွေကို ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးစေခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်ရဲ့ ဘဏ်အမည်သစ်ပြောင်းလဲမှုကိစ္စ၊   Digital Marketing Services Facebook ကြော်ငြာ ဝန်ဆောင်မှု လုပ်ငန်းကိစ္စအပြင် သူနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေကို အိမ်နဲ့မြေ အာမခံနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ယူခွင့်ပြုခဲ့တယ်လို့လည်း စွပ်စွဲဖော်ပြထားပါတယ်။ 

ဒီအမှုတွေနဲ့ ပတ်သက်ပြီး ဦးရဲမင်းဦး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ်(၁)နဲ့ အမှတ်(၅)မြို့မရဲစခန်းတို့မှာ ဩဂုတ် ၅ ရက်နေ့က  ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆို အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဦးရဲမင်းဦးဟာ လက်ရှိတွင် အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အတွက် အဆိုပါစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိသေးပါဘူး။ 

ဦးရဲမင်းဦးဟာ ဖမ်းဆီးမခံရခင်က ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ယူထားသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း  ဒဂုံမြို့နယ်ကနေ အနိုင်ရ ရွေးကောက်တင်မြှောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။ 

ဦးရဲမင်းဦးကို စစ်ကောင်စီက  ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲထားတဲ့အတွက် အင်းစိန်ထောင်တွင်းကနေ အမှုရင်ဆိုင်နေရပါတယ်။ 

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဟာ “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တသက်တကျွန်းဒဏ်ဖြစ်စေ၊ အမြင့်ဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊  ငွေဒဏ်လည်းချမှတ်နိုင်တဲ့ အမှုဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013