DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကိုခန့်အပ်၊ စောင့်ကြည့်ရမည်ဟု NUG ပြော
DVB
·
August 5, 2021
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း   ဒုနိုင်ငံခြားရေးဝန်ကြီးကိုခန့်အပ်၊ စောင့်ကြည့်ရမည်ဟု NUG ပြော
Donate to DVB

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆွတ်ဖ်ကို အာဆီယံက ဩဂုတ် ၄ ရက်နေ့မှာ အတည်ပြု ခန့်အပ်လိုက်ပြီး အာဆီယံရဲ့ဆုံးဖြတ်ချက်ကို စစ်ကောင်စီကလည်းသဘောတူ လက်ခံလိုက်ပါတယ်။ 

မူလက စစ်ကောင်စီက  ထိုင်းနိုင်ငံကိုယ်စားလှယ်ကို အဆိုပြုသဘောတူညီခဲ့ပေမယ့်  အာဆီယံက ဘရူနိုင်းဒုဝန်ကြီးကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ 

အာဆီယံက စစ်ကောင်စီနဲ့ဆက်ဆံရေးတွေပြုလုပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရကို မသိကျိုးကျွံပြုထားတာကို လက်မခံနိုင်သလို အခုအသစ်ခန့်တဲ့ အထူးကိုယ်စားလှယ်က အာဆီယံ ဆုံးဖြတ်ချက် ၅ ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။

"အကြမ်းဖက်မှုကို ချက်ချင်းရပ်ရမယ်ဆိုတာရှိတယ်။ ဒါပေမဲ့ ရက်ပေါင်း ၁၀၀ ကျော်လာပြီ။ ရပ်လားမရပ်လား ကျနော်တို့အမြင်ပဲ။ ရပ်ဖို့ဆိုတာကလည်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပေါ်လာမှ အကြမ်းဖက်မှုတွေက လျော့မှာ။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပေါ်လာနိုင်တဲ့ အရိပ်အယောင်ရှိလားဆိုရင်လည်း  စစ်ခေါင်းဆောင်ပြောနေတဲ့စကားတွေကို ကြည့်လိုက်ရင် အဲ့ဒီအရိပ်အယောင်တစ်စက်မှ မတွေ့ရဘူး။ အခုခန့်အပ်လိုက်တဲ့ ဘရူနိုင်းရဲ့ ဒုတိယဝန်ကြီးအတွက် စိန်ခေါ်မှုတွေ တော်တော်ကြီးမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ရက်ပေါင်း ၁၀၀ မှာ ကိုယ်စားလှယ်ခန့်ဖို့တောင် တော်တော်ညှိနှိုင်းယူရတဲ့ သဘောဖြစ်တယ်။ မြန်မာစစ်အုပ်စုအနေနဲ့ အချိန်ရသလောက်ဆွဲချင်သေးတာ။ UN မှာ စက်တင်ဘာ အသိအမှတ်ပြုမှုတစ်ခုကို ရင်ဆိုင်ဖို့ပြင်နေတဲ့အခါကြတော့ အဲ့ဒီဖိအားကြောင့်လက်ခံလိုက်တာလို့ ကျနော်ထင်တယ်။ ၁၉၉၀ သမိုင်းကိုပြန်ကြည့်ရင် အချိန်နှစ် ၂၀ ကျော်ကြာခဲ့တယ်။ သူတို့မှာ အချိန်ဆွဲတတ်တဲ့ ညာဉ်လည်းရှိတယ်။ နည်းလမ်းကိုလည်း သိတယ်။ အချိန်ဆွဲဖို့ အမြဲကြိုးစားနေတဲ့သူတွေလည်းဖြစ်တယ်။ အခုဘရူနိုင်းကိုယ်စားလှယ်က ဆုံးဖြတ်ချက် ၅ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်။"

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေ၊ တရုတ်နဲ့ရုရှားတို့က အာဆီယံကို ကြားခံအဖြစ် အသုံးပြုဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်တဲ့ဘက်ပေါင်းစုံကလူတွေနဲ့ တွေ့ဆုံသွားမယ်ဆိုပေမယ့် စစ်ကောင်စီဘက်က ခွင့်ပြုမပြုဆိုတာကတော့ မသိရသေးပါဘူး။ 

အာဆီယံရဲ့ မြန်မာ့အရေးလတ်တလောဆောင်ရွက်ချက်ဟာ ငါးပွက်ရာငါးစာချတာသာဖြစ်ပြီး ဒေသတွင်းပြဿနာတွေအတွက် အဖြေမှန်မဟုတ်သေးဘူလို့ ဒေါက်တာထွန်းအောင်ရွှေက သုံးသပ်ပါတယ်။ စစ်ကောင်စီက အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံလိုက်တာကလည်း နိုင်ငံတကာက  သူတို့ကို အစိုးရအဖြစ်အသိအမှတ်ပြုစေချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

"အာဖရိကန်ယူနီယံ၊ အမေရိကန်ဒီမိုကရက်တစ်ချာတာ၊ အဲ့ဒါလေးတွေကို အာဆီယံမှာ ဖြစ်လာစေချင်တယ်။ အာဖရိကန်ယူနီယံကလည်း တစ်နိုင်ငံနဲ့တနိုင်ငံ ဝင်မစွက်ဖက်ရေးမူကနေ စခဲ့တာပဲ။ အခုနောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းမှုတွေနဲ့ပတ်သက်လို့ Zero Tolerance မူကို သူတို့ချလိုက်တယ်။ အဲ့ဒီနောက်ပိုင်း အာဖရိကမှာ စစ်အာဏာသိမ်းမှုတွေ သိသိသာသာလျော့သွားတယ်။ ၁၉၅၈ ကနေ ၂၀၁၂ အထိ အာဖရိကမှာ စစ်အာဏာ ၈၈ ကြိမ်သိမ်းတယ်။ အခုနောက်ပိုင်း ပေါ်လစီချပြီး အကောင်အထည်ဖော်လိုက်တဲ့အခါကြတော့  စစ်အာဏာ သိမ်းမှုတွေ သိသိသာသာလျော့လာတယ်။ အာဆီယံမှာလည်း ဒီလိုမူတွေ ဖြစ်လာစေချင်ပြီ။ အခုလောလောဆယ် အာဆီယံဆောင်ရွက်နေတာတွေက ငါးပွက်ရာ ငါးစာချနေတာပေါ့။ မြန်မာနိုင်ငံမှာဖြစ်လာတယ် သူတို့ကလိုက်ရှင်းရတယ်။ တကယ်တော့ အရင်းအမြစ်ကို သူတို့မဖြေရှင်းနိုင်ပါဘူး။ ရေရှည်အတွက် Zero Tolerance လိုအခြေအနေမျိုးဖြစ်စေချင်ပါတယ်။ ဒါမှ သူတို့က ဖြေရှင်းနိုင်မှာပါ။"

ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောတူဆုံးဖြတ်ချက် ၅ ချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး အားလုံးအစွမ်းကုန်သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့၊ သက်ဆိုင်သူအားလုံးက အပြုသဘောတွေ့ဆုံဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုကူညီရေးစင်တာ AHA ကနေတဆင့် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးအပ်နိုင်ဖို့၊ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဝင်တွေကို မြန်မာနိုင်ငံကသက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ ပါရှိပါတယ်။ 

Photo-ASEAN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013