
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာနေ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး အကျဉ်းထောင်ကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာနောက်ဆုံးနှစ်ကျောင်းသူ နန်းစန္ဒာဝင်းနဲ့ ရုက္ခဗေဒ အဝေးသင်း စတုတ္ထနှစ်ကျောင်းသူ နန်းဆုပိုင်ဖူးတို့ကို သြဂုတ် ၃ ရက်ညနေပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။
သူတို့ ၂ ဦးကိုတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကို လူမှုကွန်ရက်မှတဆင့် သတင်းရပြီးနောက် နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတက္ကသိုလ်ကျောင်းသူ ၂ ဦးဟာ သြဂုတ် ၄ ရက်မှာ ကျိုက်မရော ဗဟိုအကျဉ်းထောင်ကို ပို့ဆောင်ခံလိုက်ရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီ အမည်ပြောင်း အိမ်စောင့်အစိုးရဟာ ဆန္ဒပြပွဲပါဝင်ခဲ့တဲ့ သူတချို့ကို ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ထားပေမဲ့ တဖက်မှာတော့ ဆန္ဒပြပွဲ ပါဝင်သူတွေကို ဆက်လက် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျောင်းသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက သြဂုတ် ၃ ရက်မှာ တောင်းဆိုထားပါတယ်။