
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က နေပြည်တော်မှာ ဩဂုတ် ၂၅ ရက်က ပြုလုပ်တဲ့ သူ့ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီးလည်း သူတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်လို့ သူတို့ ဘေးကင်းလုံခြုံရေးနဲ့ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိစေရေး၊ ၂ နိုင်ငံဥပဒေနဲ့အညီ အကာအကွယ်ပေးနိုင်ရေး ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံစဉ် အလေးအနက်ထား ထည့်သွင်းဆွေးနွေးနိုင်ခဲ့တယ်လို့ စစ်အာဏာရှင်က ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အနုထင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပေမဲ့ ခရီးစဉ်ပြီး ၁၀ ရက်ကျော်အကြာမှာ ဘန်ကောက်မြို့က မြန်မာသံရုံးက ဩဂုတ် ၁၉ ရက်ကစပြီး အလည်အပတ် ပတ်စ်ပို့ (PV) ကနေ အလုပ်သမား (PJ) နဲ့ ပညာရေး (PE) စတဲ့ နိုင်ငံကူးလက်မှတ် အမျိုးအစား ပြောင်းလဲခွင့်တွေကို ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ နေပြည်တော်ကို ခွင့်ပြုစာတင်ရမှာဖြစ်ပြီး ၂ လကြာမှ ပြန်လာစုံစမ်းဖို့ သံရုံးက ပြောဆိုနေတဲ့အတွက် ထိုင်းရောက်မြန်မာတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဒီလိုကန့်သတ်မှုတွေဟာ ထိုင်းတနိုင်ငံတည်းသာမကဘဲ တခြားနိုင်ငံတွေမှာပါ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။
ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ စစ်အာဏာရှင်သံရုံးကလည်း ပြည်ပမှာ PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတော့မှာ မဟုတ်ကြောင်း တရားဝင် ကြေညာလိုက်သလို စင်ကာပူနိုင်ငံရှိ သံရုံးကလည်း ဩဂုတ် ၂၅ ရက်ကစပြီး PV သက်တမ်းတိုးမဲ့သူတွေကို ပြန်လွှတ်နေပါတယ်။
လျှောက်ထားသူတွေကို နေပြည်တော်ဆီ အီးမေးလ်ကတဆင့် စာတင်ခိုင်းထားပြီး ဘယ်တော့ ခွင့်ပြုချက်ကျမလဲ ဆိုတာ မသေချာဘူးလို့ စင်ကာပူရောက် မြန်မာတွေက ဆိုပါတယ်။











