
ဖိလစ်ပိုင် လွှတ်တော်အဆောက်အအုံအတွင်း သေနတ်ပစ်ခတ်မှုနောက်ကွယ်မှ ကြံစည်ကျူးလွန်တဲ့ ရာဇဝတ်သားတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး ဂျွန်ဗစ် ရယ်မူလ်ယာက မေ ၁၃ ရက်မှာ ပြောပါတယ်။
သမ္မတက ဘယ်အမတ်ကိုပဲဖြစ်ဖြစ် လုံခြုံရေး အသေအချာဂရုစိုက်ဖို့ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားကြောင်းနဲ့ ဒီပစ်ခတ်မှုရဲ့ လုပ်ရပ်နောက်ကွယ်က လူတွေကို ဖော်ထုတ်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ရယ်မူလ်ယာက “သေနတ်သမားက အဆောက်အအုံရဲ့ အနောက်ဘက်ကို ဆုတ်သွားပြီးတော့ မိုးပေါ်ထောင်ပြီး ရမ်းသန်းပစ်ခတ်ခဲ့တာပါ။ အဆောက်အအုံထဲကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့သူ ဘယ်နှယောက်ရှိလဲဆိုတာတော့ အခုထိ အတိအကျ မသိရသေးဘူး”လို့ ပြောပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ တဦးမှ မရှိပါဘူး၊ ဘယ်သူကိုမှလည်း ကျည် မထိမှန်ခဲ့ပါဘူး”လို့ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က အလိုရှိနေတဲ့ အထက်လွှတ်တော်အမတ် ဒယ်လာရိုဆာကို ဖမ်းဆီးတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် အခြေအနေတွေ ရှုပ်ထွေးနေတုန်းမှာပဲ သေနတ်သံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
သေနတ်ပစ်သံတွေ ဆက်တိုက် ကြားလိုက်ရပြီးနောက် လူတွေကို အကာအကွယ်ယူဖို့ ပြေးခိုင်းခဲ့ရပြီး အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ ဘာတွေဖြစ်နေတယ်၊ ဘယ်သူက သေနတ်ပစ်တာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
အစောပိုင်းက လက်နက်ကိုင်စစ်သား ၁၀ ယောက်လောက် လွှတ်တော်ကို ရောက်လာတာကြောင့် အမတ်ဒယ်လာရိုဆာကို ဖမ်းတော့မယ်လို့ ထင်ကြေးပေးခဲ့ကြပေမဲ့ ပြည်ထဲရေးဝန်ကြီးက အထက်လွှတ်တော်အမတ် ဒယ်လာရိုဆာကို ဖမ်းဆီးဖို့မဟုတ်ပဲ သူ့ကို ကာကွယ်ပေးဖို့ လာကြတာပါလို့ ဆိုပါတယ်။
ဒီအခြေအနေဟာ သမ္မတဟောင်း ဒူတာတေးလက်ထက် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” မှာ အဓိက ဦးဆောင်ခဲ့သူ ရဲချုပ်ဟောင်း ရော်နယ်လ် ဒယ်လာရိုဆာက သူ့ကို မကြာခင် ဖမ်းတော့မှာဖြစ်လို့ ICC လက်ထဲ မထည့်ရအောင် လူထုအင်အားနဲ့ ကာကွယ်ပေးကြဖို့ ဖေ့စ်ဘွတ်ခ်ကနေ တိုက်တွန်းခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာတာပါ။
ဖိလစ်ပိုင် အထက်လွှတ်တော်မှာ မေ ၁၃ ရက်က သေနတ်သံတွေ ထွက်လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က လိုချင်နေတဲ့ နိုင်ငံရေးသမားတယောက် မကြာမီ အဖမ်းခံရမဲ့အရေးကို တားဆီးဖို့ ထောက်ခံသူတွေကို တိုက်တွန်းပါတယ်။
အဲဒီနောက် လွှတ်တော်မှာ စစ်တပ်တွေကို ချထားခဲ့ပါတယ်။ လွှတ်တော်အမတ် ဒယ်လာရိုဆာက သေနတ်သံ မပေါ်ခင် နာရီပိုင်းအလိုမှာ သူ့ကို ဖမ်းပြီး ICCကို လွှဲပြောင်းပေးတာကို တားဆီးဖို့ လူထုကို ဖေ့စ်ဘွတ်ခ်မှာ ဗီဒီယိုပိုစ်တခုတင်ပြီး တိုက်တွန်းပြောဆိုခဲ့ပါတယ်။
“ကျနော် တောင်းပန်ပါတယ်၊ ခင်ဗျားတို့ ကျနော့်ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ဖိလစ်ပိုင်လူမျိုးတယောက်ကို The Hague ကို ခေါ်သွားခွင့်မပြုပါနဲ့” လို့ အထက်လွှတ်တော်ရုံးမှာ ရိုက်ကူးတဲ့ ဗီဒီယိုမှာ လွှတ်တော်အမတ်က ပြောထားပါတယ်။
သူဟာ မေ ၁၁ ရက်တည်းက လွှတ်တော်ရဲ့ အကာအကွယ်အောက်မှာ ခိုလှုံနေတာပါ။ အဲဒီနောက် အထက်လွှတ်တော်ထဲမှာ သေနတ်သံ အချက်ရေ ဆယ်ဂဏန်းကျော် ထွက်ပေါ်လာတာကို ရိုက်တာ သတင်းဌာနရဲ့ သတင်းထောက်တွေက ကြားခဲ့ရပြီး လွှတ်တော်ထဲမှာ ရှိသူတွေက ပုန်းဖို့ အမြန် ပြေးလွှား နေရာယူခဲ့ကြပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက တည်ငြိမ်အေးချမ်းဖို့ တောင်းဆိုခဲ့ပြီး အစိုးရဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု သတင်းတွေကို ချက်ချင်း မကြားသိရသေးပါဘူး။
မားကို့စ်က သူ့ကို ဖမ်းဆီးဖို့ ညွှန်ကြားချက် မပေးထားဘူးလို့ ပြောပါတယ်။ သည်ဟိဂ်အခြေစိုက် ICC တရားရုံးက ဒယ်လာရိုဆာရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုဝင်ဘာလရက်စွဲပါ ဖမ်းဝရမ်းကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ ဖမ်းဝရမ်းနဲ့ အသက် ၈၁ နှစ်အရွယ် သမ္မတဟောင်း ဒူတာတေးကို ပြီးခဲ့တဲ့နှစ်က လွှဲပြောင်းရယူပြီးတဲ့နောက် ICC မှာ ရုံးတင်စစ်ဆေးဖို့ စောင့်ဆိုင်းနေပါတယ်။
ဒယ်လာရိုဆာက ဒူတာတေးရဲ့ ၂၀၁၆-၂၀၂၂ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ တရားမဝင် သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
Source: Reuters











