
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့မှာ ပျူစောထီးအဖွဲ့ဝင် အမျိုးသား ၁ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ မတ် ၂၈ ရက် နေ့လယ်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ ကျောမြို့ ပကဖ (တောင်ညာမုန်တိုင်း) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။
ကျောမြို့ ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျောမြို့အနောက်ဘက်ခြမ်းကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းပတ်တဲ့ချိန်မှာ မြို့ပြင်က ကြားစခန်းနဲ့ လျှပ်စစ်ရုံးကြားမှာ ဆိုင်ကယ်နဲ့လာတဲ့ ပျူစောထီးအဖွဲ့ဝင် ပြည့်ဖြိုးအောင်ကို လက်နက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံတာမရှိဘဲ အသာတကြည် အဖမ်းခံခဲ့ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ အသက် ၁၈ နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင်ဟာ ကျောမြို့ပေါ် အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး သူနဲ့အတူ ဆိုင်ကယ် ၁ စီး၊ ဟန်းဖုန်း ၁ လုံး၊ FO သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနဲ့ ကျည် ၁၄ တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျောမြို့ ပကဖ တာဝန်ရှိသူတယောက်က “လက်ရှိမှာတော့ သူ့ကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီးတော့ စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်။ အဲဒီကနေ ပေါ်ပေါက်လာတဲ့အပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ကျောမြို့ပေါ်နဲ့ကျေးရွာတချို့မှာ အင်အား ၁,၀၀၀ ကျော်နဲ့ စိုးမိုးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောမြို့အနီးက အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) မှာလည်း အင်အားအလုံးအရင်းနဲ့ အခိုင်မာတပ်စွဲထားတယ်လို့ ကျောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။








