အီရန်ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုဟာ သမိုင်းတလျှောက် အဆိုးရွားဆုံးဆန်ရှင် ဖြစ်လာမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်က ပြောပါတယ်။
အီရန်ကို ဆန်ရှင် လုပ်တာက အမေရိကန်ရဲ့ စစ်ဆင်ရေးသစ်တွေ ပြုလုပ်တာ လျော့နည်းစေတယ်လို့လည်း ဘတ်ဆန့်က အကြံပေးထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို စီးပွားရေးစစ်ပွဲ ဆင်နွှဲမယ်လို့ ပြောခဲ့ပြီးနောက် ဘတ်ဆန့်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။
ထရမ့်ပ်ဟာ အီရန်ကို အသက်ဆက်နိုင်အောင် ကူညီပေးနေတဲ့ ဘယ်နိုင်ငံမျိုးကိုမဆို အရေးယူမယ်လို့ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဘတ်ဆန့်ကတော့ လာမဲ့အပတ်မှာ အသေးစိတ် ထုတ်ပြန်မယ်လို့ ကတိပေးထားပါတယ်။
အမေရိကန်က အီရန်ကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေ လုပ်မယ်လို့ သတင်းထွက်ခဲ့ပြီးနောက် ရေနံဈေးနှုန်းတွေလည်း အရင် ၃ ပတ်ကထက် မြင့်တက်ခဲ့သလို အရှေ့အလယ်ပိုင်းမှာ ရေနံစည် သန်းနဲ့ချီပြီး သောင်တင်နေပါတယ်။
“ကျနော်တို့ အကြီးမားဆုံး စီးပွားရေး ဖိအားပေးတာမျိုး မလုပ်ခဲ့ဘူးဆိုရင် ကြီးမားတဲ့ အရွေ့တခုကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး” လို့ ဘတ်ဆန့်က ပြောပါတယ်။
အီရန်စစ်ပွဲ ၆ လ ကျော်လာတဲ့အချိန်မှာ လူ ထောင်ကျော် သေဆုံးထားပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို အသုံးပြုပြီး သင်္ဘောသွားလာမှုတွေကို ထိန်းချုပ်နေပါတယ်။
အီရန်စစ်ပွဲအတွင်း အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီလနဲ့ ဇွန်လတွေမှာ အပစ်ရပ် သဘောတူညီခဲ့ကြောင်း ၂ ကြိမ် ကြေညာခဲ့ဖူးပါတယ်။
အပစ်ရပ် သဘောတူညီမှုတိုင်း ဟောမုဇ်ရေလက်ကြားမှာ သင်္ဘောဖြတ်သန်းခွင့်ပြုဖို့ ပါဝင်ခဲ့ပေမဲ့ အဲဒီ သဘောတူညီမှုက မြန်မြန်ပျက်စီးခဲ့ပါတယ်။
အီရန်ဟာ ၁၉၇၉ ခုနှစ်က အစ္စလမ္မစ်တော်လှန်ရေး ကတည်းက နှစ်ပေါင်း ၅၀ နီးပါး စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ကြုံခဲ့ရတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုက စီးပွားရေးအရ အကြမ်းဖက်မှု ကျုးလွန်တာပဲလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်ထားပါတယ်။











