DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မီးဖွားရန် အခက်အခဲဖြစ်နေ
DVB
·
August 1, 2021
ကနီမြို့နယ်တွင် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မီးဖွားရန် အခက်အခဲဖြစ်နေ
Donate to DVB

ကနီမြို့နယ် ကင်းကျေးရွာအုပ်စုနဲ့ခုံကြီးအုပ်စုက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်တွေ မီးဖွားဖို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေဆီက သိရပါတယ်။

ခုံကြီးအုပ်စုမှာ ကျေးရွာ ၇ ရွာ၊ လူဦးရေ ၃၉၀၀ ကျော် စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မီးဖွားဖို့ အခက်အခဲကြုံနေကြရတယ်လို့ ကျေးရွာနေ အမျိုးသမီးတဦးက ပြောပါတယ်။

“ကျမတို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ကတော့ တကယ်ကို စိန်ခေါ်မှုကြီးပါပဲ။ ဘယ်ဆရာဝန်၊ ဆရာဝန်မ တစ်ယောက်မရှိဘဲ တောတောင်တွေထဲ ကလေးမီးဖွားနေရတာ။ ဟိုနေ့က အမျိုးသမီး ၃ ဦး မီးဖွားတယ်။ တစ်ဦးကတော့ ကလေးရော လူကြီးရော ကျန်းမာတယ်။ တစ်ယောက်က အချင်းမကျလို့ အခက်အခဲအမျိုးစုံနဲ့ ရွာဆေးခန်းတွေဆီ ပြေးရတယ်။ တစ်ဦးကတော့ ကလေး ဆုံးသွားရတယ်။ တောတောင်တွေအထဲမှာတော့ မွေးတတ်လို့ မွေးပေးနေကြတာတော့ မဟုတ်ဘူး။ မတတ်သာလို့ ဖြစ်သလို လုပ်ပေးနေရပါတယ်။ ကျမတို့ စခန်းထဲမှာ နောက်ထပ်မွေးဖွားဖို့ရာ ကိုယ်ဝန်ဆောင် ၁၀ ဦးလောက်အထိ ရှိနေသေးတယ်။”

ဩဂုတ် ၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေက ကနီမြို့နယ်အတွင်းက ကျေးရွာတွေထဲ ဝင်ရောက်ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ အခုအချိန်အထိ စစ်ဘေးရှောင်နေရတယ်ဗျ။ ကျနော်တို့ ခုံကြီးအုပ်စုက ပြည်သူ ၃၉၀၀ ကျော်ရှိတယ်ဗျ။ ကင်းအုပ်စုက စစ်ဘေးရှောင်တွေနဲ့ ပေါင်းရင်တော့ အင်အားအတော်များမယ်ဗျ။ အခုအချိန်အထိ ဘာကြောင့် စစ်ဘေးရှောင်နေရတာလဲဆိုတော့ ကျနော်တို့ရွာတွေက ကနီမြို့နယ်အဆုံး၊ မင်းကင်းနယ်ဆက်နဲ့ ထိစပ်နေတဲ့ ရွာတွေပါ။ ကျနော်တို့က စစ်သားလည်း ကြောက်ရတယ်၊ ပျူစောထီးလည်း ကြောက်ရတယ်။ အထူးသဖြင့် NLD အမာခံတွေဆိုရင် အကုန်သိမ်းပြီး သတ်ကြတာလေ။ အဲဒါတွေလည်း ကြောက်တာပါ။”

ကနီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့်နဲ့ စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရောက် ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာအများအပြားက ဒေသခံတွေ နေ့စဉ်လိုလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013