DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးစနစ်ပြိုလဲမှုကြောင့် ကိုယ်ဝန်ဆောင် မိခင် ၂၅၀ ခန့် သေဆုံးနိုင်ဟု ကုလခန့်မှန်း
DVB
·
August 1, 2021
ကျန်းမာရေးစနစ်ပြိုလဲမှုကြောင့် ကိုယ်ဝန်ဆောင် မိခင် ၂၅၀ ခန့် သေဆုံးနိုင်ဟု ကုလခန့်မှန်း
Donate to DVB

မြန်မာနိုင်ငံမှာ ကျန်းမာရေးစနစ် ပြိုလဲနေတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ လိုအပ်တဲ့ အရေးပေါ်သားဖွားပြုစုစောင့်ရှောက်မှု မရရှိပါက တစ်လအတွင်း မသေသင့်ဘဲ မိခင် ၂၅၀ လောက် သေဆုံးနိုင်တယ်လို့  UNFPA နဲ့ UN Women တို့က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးရွားလာတဲ့ နိုင်ငံရေးနဲ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ဩဂုတ် ၁ ရက်နေ့က ပူးတွဲထုတ်ပြန်ချက်မှာ ခန့်မှန်းဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးအရေအတွက် ၆၈၅,၀၀၀ ကျော်ရှိတယ်လို့  UNFPA နဲ့ UN Women တို့က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ခြောက်လတာကာလအတွင်း နိုင်ငံရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတွေကို ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ပဋိပက္ခဖြစ်ပွားမှုတွေ မြင့်တက်လာတာနဲ့အတူ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ဘဝတွေက အလွန်စိုးရိမ်ရဖွယ်ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံက အမျိုးသမီးအလုပ်သမားတွေအပေါ် သက်ရောက်မှုအနေနဲ့ ခန့်မှန်းခြေ အမျိုးသမီးဦးရေ ၅၈၀,၀၀၀ လောက် အလုပ်အကိုင် ဆုံးရှုံးကြရပြီး ကျန်းမာရေးစနစ်ပြိုလဲတာ၊ ဆေးရုံတွေ တိုက်ခိုက်ခံရတာ၊ ငွေကြေးဆိုင်ရာ အခက်အခဲတွေကြုံတွေ့ရတာနဲ့ လှုပ်ရှားသွားလာမှု ကန့်သတ်ချက်တွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လိင်မှုနဲ့ မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုတွေရရှိဖို့ စိန်ခေါ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား ဆယ်ကျော်သက် မိန်းကလေးငယ်ပေါင်း ၅ သန်းနီးပါးမှာ ပြည်သူ့ကျန်းမာရေး ထိခိုက်မှု၊ စာသင်နှစ် ဆုံးရှုံးမှုနဲ့ လုံခြုံရေးဆိုင်ရာ တားမြစ်ချက်တွေ၊ အကြောက်တရားတွေကို ဆိုးရွားစွာ ရင်ဆိုင်နေရတယ်လို့ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ အခုလို လူမူစီးပွားဆိုင်ရာ အခြေအနေတွေ ယိုယွင်းပျက်စီးလာတာကြောင့် အရင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးမှုအောက်မှာ မပါဝင်ခဲ့တဲ့ လူပေါင်းသိန်းချီဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်လာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) နဲ့ ကမ္ဘာ့ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) တို့ဟာ မိတ်ဖက်အဖွဲ့တွေနဲ့အတူ အသက်ကယ်ဆယ်ရေး လူမှုဘ၀ဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ရရှိစေဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013