DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ရေဘေးကြုံရပြီး ၂ လအကြာအထိ အမျိုးသမီးများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရ 
DVB
·
November 12, 2024
မြန်မာတွင် ရေဘေးကြုံရပြီး ၂ လအကြာအထိ အမျိုးသမီးများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရ 
Donate to DVB

မြန်မာနိုင်ငံမှာ ရေဘေးဒဏ်ခံရအပြီး အချိန် ၂ လနီးပါး ကြာတဲ့အထိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ကျန်းမာရေးအန္တရာယ်ကနေ ကာကွယ်မှု လိုအပ်ချက်တွေအထိ စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရတယ်လို့ UN Women က ထုတ်ပြန်ပါတယ်။

ရေဘေးကြောင့် အခက်အခဲကြုံတွေ့ရင်ဆိုင်ရသူ အမျိုးသမီးနဲ့ မိန်းကလေးငယ်ပေါင်း ၆ သိန်းနီးပါး အပါအဝင် လူပေါင်း ၁ သန်းကျော် ထိခိုက်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေအတွက် သန့်ရှင်းသော ရေနဲ့ တကိုယ်ရေသန့်ရှင်းရေးသုံး အထောက်အကူပြု ပစ္စည်းတွေ ရရှိရေးဟာလည်း စိုးရိမ်စရာ ဖြစ်လာနေသလို ရေကြီးမှုဒဏ်ခံရတဲ့ ဒေသတွေမှာ အစားအစာပြီးနောက် တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာပစ္စည်းတွေဟာ ဒုတိယ အများဆုံး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံတွေ ဆိုးရွားစွာ ထိခိုက်စေခဲ့တာကြောင့်လည်း မျိုးပွားနိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အသက်မွေးဝမ်းကျောင်း အထောက်အပံ့နဲ့ စီးပွားရေး စွမ်းဆောင်မှုဟာလည်း အရေးတကြီး လိုအပ်နေသလို အကျပ်အတည်းတွေကြားမှာ ပြုစုစောင့်ရှောက်ရေးတာဝန်တွေ တိုးမြင့်လာမှု၊ ရွေ့လျားသွားလာမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် နောက်ထပ် အတားအဆီးတွေကို ရင်ဆိုင်နေကြရတဲ့ အမျိုးသမီးတွေအတွက် ရေလွှမ်းမိုးမှုရဲ့ နောက်ဆက်တွဲ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေဟာ ပြင်းထန်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ရေကြီးမှုကြောင့် လယ်ယာမြေ၊ မွေးမြူရေးနဲ့ လယ်ယာသုံးစက်ကိရိယာတွေ ပျက်စီးခဲ့ပြီး စိုက်ပျိုးရေးနဲ့ အသေးစား စီးပွားရေးလုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေအတွက် ဝင်ငွေ အရင်းအမြစ်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငယ်ရွယ်တဲ့ မိန်းကလေးတွေအတွက် ပညာရေးအပေါ် ရေလွှမ်းမိုးမှုကြောင့် အကျိုးသက်ရောက်မှုနဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ရှိနေပြီး မိသားစုတွေအပေါ် ငွေကြေးဆိုင်ရာ ဖိအားပေးမှုတွေကြောင့် ကျောင်းထွက်နိုင်ခြေ ပိုများကာ စောစီးစွာ အိမ်ထောင်ပြုတာ၊ ဒါမှမဟုတ် ကလေးလုပ်သားဖြစ်နိုင်ခြေကို တိုးစေမယ်လို့လည်း ဆိုပါတယ်။

ရွှေ့ပြောင်းနေထိုင်ရမှုနဲ့ လူထူထပ်တဲ့ စခန်းတွေမှာ ခိုလှုံနေကြရတဲ့ သက်ရောက်မှုက ကျား-မ အခြေပြု အကြမ်းဖက်မှုဖြစ်နိုင်ခြေကို မြင့်မားစေခဲ့ပြီး စခန်းတွေရဲ့ ၆၇ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို အစီရင်ခံခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ၂၀၂၄ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက် စီမံကိန်းရဲ့ ၂၈ ဒသမ ၅ ရာခိုင်နှုန်းကိုသာ ရန်ပုံငွေထောက်ပံ့ထားတာကြောင့် နောက်ထပ်အရင်းအမြစ်တွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

Source/ Photo: UN Women

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013