
အမျိုးသမီးနဲ့ မိန်းကလေးတွေ အပါအဝင် မြန်မာပြည်သူ ၈ သောင်းခွဲနီးပါးအတွက် ယူရိုငွေ ၁ သန်းကျော်ဖိုး ကျန်းမာရေးနဲ့ ကာကွယ်စောင့်ရှောက်မှု ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က မေ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ ယူရို ၁ ဒသမ ၃ သန်း ပံ့ပိုးမှုအရ UNFPA နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပဋိပက္ခဒဏ် ခံစားနေရတဲ့ မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ၇၅,၃၈၁ ယောက် အပါအဝင် စုစုပေါင်း ၈၄,၄၇၁ ယောက်ထံကို အကူအညီတွေ ရောက်ရှိနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အသက်ကယ်ဆယ်ရေးဆိုင်ရာ မျိုးပွားကျန်းမာရေး၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှု တုံ့ပြန်ဆောင်ရွက်ရေး၊ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု ဝန်ဆောင်မှုတွေကို မြှင့်တင်ဖို့ ၁၂ လတာ စီမံကိန်းတခု စတင် ဆောင်ရွက်မှာလို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ UNFPA ဌာနေကိုယ်စားလှယ် ဂျေမီ နာဒယ် ရွိုက်ဂ်က “ပဋိပက္ခဒဏ်ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ဘေးကင်းပြီး လျှို့ဝှက်မှုကို အာမခံချက်ရှိတဲ့ စောင့်ရှောက်မှုကို အချိန်မီရရှိဖို့က အသက်ရှင်သန်ရေးနဲ့ သေဆုံးခြင်းကြားက ခြားနားချက် ဖြစ်သွားနိုင်ပါတယ်။ ဒီပံ့ပိုးကူညီမှုက အရေးပေါ်လိုအပ်ချက်တွေ ရှိနေသေးတဲ့ လူထုအသိုက်အဝန်းတွေမှာ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အေးချမ်းသာယာမှုကို ကာကွယ်စောင့်ရှောက်ပေးမဲ့ ပေါင်းစပ်ဝန်ဆောင်မှုတွေကို UNFPA နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ထောက်ပံ့ပေးနိုင်ဖို့ အားဖြည့်ပေးပါတယ်” လို့ ပြောပါတယ်။
ဒီစီမံကိန်းကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။
အကူအညီတွေထဲမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မိသားစုစီမံကိန်း၊ အကြမ်းဖက်မှုဒဏ် ခံရသူတွေအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ မျိုးပွားကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ၊ အမျိုးသမီးတကိုယ်ရေသန့်ရှင်းမှု အသုံးအဆောင်ပစ္စည်းတွေနဲ့ အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ကျန်းမာရေးလိုအပ်ချက် ရှိနေသူတွေအတွက် ငွေသားပံ့ပိုးကူညီမှုတွေ ပါဝင်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုတွေ၊ မလုံခြုံမှုတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလည်း လုံခြုံစိတ်ချရတဲ့ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိဖို့ ခက်ခဲနိုင်ပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုဒဏ် ခံရသူတွေဟာလည်း ပံ့ပိုးကူညီမှုမရ ဖြစ်နေသလို မိခင်တွေသေဆုံးမှု၊ မကုသဘဲ ကျန်ရစ်တဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ၊ အကြမ်းဖက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေနဲ့ ဂုဏ်သိက္ခာ ထိခိုက်ဆုံးရှုံးရမှု အန္တရာယ်တွေ ပိုမိုမြင့်မားစေနိုင်တယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၂ ဒသမ ၄ သန်းဟာ လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး လူဦးရေ ၃ ဒသမ ၇ သန်းဟာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။










