
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင်တွေကို အာရက္ခတပ်တော် (AA) ရဲ့ ကျန်းမာရေးဌာနက အခမဲ့ ခွဲစိတ်ကုသမှုတွေ ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေခရိုင်ထဲက စစ်ဘေးရှောင် မျက်စိဝေဒနာရှင်တွေကို အခု အောက်တိုဘာလအတွင်းမှာ မျက်စိအခမဲ့ ခွဲစိတ်ပေးတာ၊ လိုအပ်တဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးတာတွေကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ပြုလုပ်ပေးခဲ့တယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာန ဝန်ထမ်းနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီအောက်တိုဘာလထဲမှာလည်း ကျေးရွာအလိုက် ကုသပေးနေတာ ရှိပါတယ်။ မျက်စိဝေဒနာရှင်တွေအထဲက ခွဲစိတ်ဖို့လိုတဲ့ လူကို ခွဲစိတ်တယ်။ ရောဂါအမျိုးအစားအလိုက် အခမဲ့ကုပေးပါတယ်။ မလိုတဲ့သူတွေ မျက်မှန်တပ်ရမယ့်သူတွေကိုလည်း အခမဲ့ လုပ်ပေးပါတယ်။ နောက်ထပ် ခရိုင်တွေက လိုအပ်တဲ့နေရာတွေမှာ လုပ်ပေးသွားမှာပါ။”
မျက်စိခွဲစိတ်မှု ပြုလုပ်မယ်ဆိုရင် ငွေကြေး သိန်းနဲ့ချီ ကုန်ကျနိုင်ပြီး အခုလို အခမဲ့ ကုသမှု ပြုလုပ်ပေးတဲ့အတွက် အထူးဝမ်းမြောက်မိတယ်လို့ မျက်စိသွားရောက် ကုသခဲ့ဖူးသူ စစ်တွေမြို့နယ်က သက်ကြီးပိုင်းအရွယ် စစ်ရှောင်အမျိုးသမီးတယောက်က ပြောပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်တွေခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင် ၆၇၈ ယောက်ကို မျက်စိစမ်းသပ် စစ်ဆေးပြီး ကုသပေးခဲ့ကာ၊ အဲဒီလူနာတွေထဲက မျက်စိခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာ ၁၃၆ ယောက်ကို အုပ်စုလေးစုခွဲပြီး ခွဲစိတ်ကုသပေးခဲ့တယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနရဲ့ ဝန်ထမ်းတွေက ပြောပါတယ်။
အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အခမဲ့ ခွဲစိတ်ကုသပေးခဲ့တဲ့အပြင် စားစရိတ်၊ ဆေးဝါးကုန်ကျစရိတ်နဲ့ ခရီးစရိတ်တွေကိုပါ AA ရဲ့ ကျန်းမာရေးဌာနက ထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ တတိယပတ်ကလည်း အာရက္ခဒေသအတွင်းမှာရှိတဲ့ စစ်ဘေးရှောင် မျက်စိဝေဒနာရှင် ၂၂၃ ယောက်ကို ကုသပေးခဲ့ပြီး၊ အဲဒီထဲက အတွင်းတိမ်ရောဂါရှိသူ ၃၃ ယောက် မျက်သားတက်ရောဂါရှိသူ ၅ ယောက်နဲ့ ပါဝါမျက်မှန်တပ်ဖို့ လိုအပ်သူ ၂၁ ယောက်၊ စုစုပေါင်း ၅၉ ယောက် ကို ဒုတိယအကြိမ်အဖြစ် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်ကလည်း အာရက္ခဒေသအတွင်းမှာရှိတဲ့ စစ်ဘေးရှောင် မျက်စိဝေဒနာရှင် ၂၀၀ ဝန်းကျင်ကို ကုသပေးခဲ့ပြီး၊ အဲဒီထဲက လူနာ ၂၇ ယောက်ကို ပထမအကြိမ်အဖြစ် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ ကျန်းမာရေးဌာနအနေနဲ့ မျက်စိရောဂါ ကုသမှုတွေအပြင် သွားရောဂါ ကုသပေးတာ၊ ကာကွယ်ဆေး ထိုးပေးတာ၊ ကလေးနဲ့ မိခင်ကျန်းမာရေး စောင့်ရှောက်မှုပေးတာ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ အခြေခံဆေးကုသမှုတွေကိုပါ အခမဲ့ ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ရှေ့ဆက်ပြီးလည်း စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ ဒေသတွေနဲ့ လိုအပ်တဲ့နေရာတွေမှာ မျက်စိဆရာဝန်တွေနဲ့ ပြသဖို့၊ ခွဲစိတ်ကုသဖို့ အခက်အခဲရှိသူတွေအတွက် ကိုယ်ပိုင်ငွေကြေးတွေ စိုက်ထုတ်ပြီး ကုသရေးအစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ပြောကြားထားပါတယ်။











