
မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA Myanmar) က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း နိုင်ငံတကာအသိုက်အဝန်းထံ တောင်းခံလိုက်ပါတယ်။
UNFPA အနေနဲ့ မြန်မာနိုင်ငံက ငလျင်ဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၆၈၀,၀၀၀ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အသက်ကယ်အကူအညီတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ UNPFA Myanmar အဖွဲ့ရဲ့ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ ရှိအင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မြို့နယ်အများအပြားမှာ ပျက်စီးဆုံးရှုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သလို ထောင်နဲ့ချီ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး မရေမတွက်နိုင်တဲ့ မိသားစုတွေဟာ ယာယီအမိုးအကာတွေအောက် နေထိုင်နေကြရတာပါ။
ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးပြီး အကာအကွယ်စနစ်တွေ ပြိုကွဲတာကြောင့် အန္တရာယ်ကင်းတဲ့ ကလေးမွေးဖွားမှု၊ ရာသီလာစဉ် တကိုယ်ရေသန့်ရှင်းမှု မစောင့်ရှောက်နိုင်တာ၊ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေကို တိုးလာစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ကိုယ်စားလှယ် ဂျေမီ နာဒယ်လ်က “ငလျင်လှုပ်ပြီးတာ တလလောက်ရှိနေပေမဲ့ အခြေအနေတွေက စိုးရိမ်ရတုန်းပါပဲ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အသက်ကယ်မိခင်ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီဖို့အတွက် ရုန်းကန်နေရပြီး ကျား-မ အခြေခံ အကြမ်းဖက်မှုအန္တရာယ်ကလည်း ပြည့်ကျပ်နေတဲ့ ယာယီတဲတွေထဲမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေတာပါ။ ထိခိုက်လွယ်သူ အများစုရဲ့ ကျန်းမာရေး၊ ရပိုင်ခွင့်တွေနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အခုချက်ချင်းကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။
UNFPA အဖွဲ့ရဲ့ ရန်ပုံငွေ တောင်းခံချက်က ဘေးကင်းတဲ့ ကလေးမွေးဖွားမှု၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက် စောင့်ရှောက်မှုနဲ့ မိသားစုစီမံကိန်းတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်နိုင်ဖို့ အလေးပေးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ခံ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ဘေးကင်းတဲ့ နေရာတွေ တည်ထောင်ပေးတာတွေ၊ စိတ်ဒဏ်ရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး စိတ်ကျန်းမာရေးနှဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတို့ အပါအဝင် ကျား-မ အခြေပြု အကြမ်းဖက်မှု အန္တရာယ် လျော့ပါးရေးနဲ့ တုံ့ပြန်ရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၁၇၀,၀၀၀ ကျော် အန္တရာယ်ရှိနေတဲ့အပြင် အများစုမှာ အသက်ကယ် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုတွေ ဆုံးရှုံးခဲ့ရတယ်လို့ UNFPA အဖွဲ့က အခုလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ ကျန်းမာရေးဆေးခန်းနဲ့ ဆေးရုံ တွေအပါအဝင် အဆောက်အအုံတွေ ပျက်စီးမှု အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအပြင် ရေသန့်၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ တခြားအသက်ကယ်လိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Source : UNFPA Myanmar