DVB Logo
Home
မြန်မာသတင်း
လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခွင့်မရဘဲ အခက်တွေ့နေ
DVB
·
July 31, 2021
လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခွင့်မရဘဲ အခက်တွေ့နေ
Donate to DVB

ရွှေတြိဂံဒေသ လာအိုနိုင်ငံကနေ  နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာအာဏာပိုင်တွေက ပြန်လည်ခေါ်ယူနေပေမယ့် လာအိုဘက်က ကိုဗစ်အကြောင်းပြပြီး အပြည့်အဝပြန် ခွင့်မပေးလို့  ရွေ့ပြောင်းမြန်မာအလုပ်သမားတွေ အခက်တွေ့နေကြပါတယ်။

ထိုင်း၊ မြန်မာ၊ လာအို ရွှေတြိဂံဧရိယာအတွင်းက လာအိုနိုင်ငံအပိုင် China Town ကာစီနိုစီးပွားရေးဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းခွင်တွေပိတ်ထားရပြီး ၃ လလောက် အလုပ်လက်မဲ့ အခက်အခဲတွေဖြစ်နေကြတာပါ။

အခုအခါ မြန်မာအာဏာပိုင်တွေအနေနဲ့ အခက်အခဲတွေ့နေပြီး နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေကို ဇူလိုင် ၃၀ ရက်နေ့က ပထမအသုတ်အနေနဲ့ လူဦးရေ ၁၀၀ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် ကိုဗစ်ကူးစက်ခံသံသယရှိသူ အယောက်  ၃၀ ဝန်းကျင်သာ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

လာအိုနိုင်ငံအတွင်းက မြန်မာတွေစုဝေးနေထိုင်နေတဲ့ ရခိုင်ရွာက လူတစ်ဦးက  “သူတို့အကြောင်းပြတာကတော့ ရောဂါကူးခံထားရတယ်လို့ပြောတာပဲ။ ဒါပေမဲ့ အဲ့လူတွေက လူကောင်းကြီးတွေပါ ဘာရောဂါလက္ခဏာမှလဲ မပြပါဘူး၊ အဓိကတော့ သူတို့ကို ကိုဗစ်စစ်ခ ယွမ်ငွေ ၂၀၀ အပြင် နေထိုင်စားရိတ်တို့၊ အိမ်ထောင်စုလုပ်ခတို့ကို သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနားက ငွေပြန်ညစ်ဖို့ မပို့တာလို့ မြန်မာအများစုက ယုံကြည်နေကြတယ်၊ လာအိုဘက်မှာလဲ အစားအသောက်အတော်ဒုက္ခရောက်နေပြီ တချို့က ငတ်တဲ့အထိတောင် ဖြစ်တာတွေရှိတယ်။” လို့ ပြောပါတယ်။

လာအိုနိုင်ငံအတွင်း မြန်မာတွေမှာ ရောဂါကူးစက်ခံရတာတွေရှိနေပေမယ့် ရောဂါပြင်းထန်တဲ့ လက္ခာဏာမတွေ့ရဘူးလို့ ဆိုပါတယ်၊ အများစုက ဆေးဝါးရရှိဖို့ မလွယ်ကူတဲ့အတွက် ဒီအတိုင်းပြန်လည်ပျောက်ကင်းသွားကြပြီး တရုတ်နိုင်ငံသားတွေနေတဲ့ ဟိုတယ်တွေထဲမှာတော့ အသက်သေဆုံးတာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။

အခုအခါမှာတော့ ကာစီနိုဇုန်ဖြစ်တဲ့ China Town အပါအဝင် မြန်မာတွေနေထိုင်တဲ့ ရခိုင်ရွာကိုလည်း Lock Down ချထားလို့  အစားအသောက်အတွက် အခက်အခဲဖြစ်နေကြတယ်လို့ဆိုပါတယ်။

မြန်မာတွေကိုတော့ လာအိုကာစီနိုဇုန်ကနေ အစားအသောက်အတွက် ဆန်၊ ဆီ၊ ဆားဝေငှတာရှိပေမယ့် တခြားအစားအသောက်နဲ့ ဆေးဝါးတော့ အပြည့်အဝ မပေးဘူးလို့ သိရပါတယ်။

China Town ကာစီနိုဧရိယာကို တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက နှစ် ၁၀၀ စာချုပ်နဲ့ ငှါးရမ်းလုပ်ကိုင်နေတာဖြစ်ပြီး ရွေ့ပြောင်းမြန်မာအလုပ်သမား သောင်းနဲ့ချီ သွားရောက်အလုပ်လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013