
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းအများအပြား မီးလောင်ပျက်စီး ဆုံးရှုံးသွားတယ်လို့ ဈေးရှိ ဒေသခံတွေဆီက သိရပါတယ်။
မေ ၇ ရက် မနက်အစောပိုင်းက အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ဦးတင်ထွေး နေအိမ်က မီးကြွင်းမီးကျန်ကတဆင့် စတင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး တခြားဈေးဆိုင်တွေပါ မီးကူးစက်တာကြောင့် တဆက်တည်းရှိတဲ့ ဈေးဆိုင်ခန်း ၆ ခန်းထက်မနည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က “ဦးတင်ထွေး လက်ဖက်ရည်ဆိုင်ထဲက မီးဖိုဆောင်ကနေ မီးလောင်မှု စဖြစ်ခဲ့တာ။ မီးလောင်မှုကြောင့် ဆိုင်ခန်းတွေ ဆုံးရှုံးခဲ့တာ။ လူတွေထိခိုက်တာမရှိ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် အလျား ပေ ၅၀၊ အနံ ၁၄ ပေရှိတဲ့ ဆိုင်ခန်း အပါအဝင် ဈေးဆိုင်ခန်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိပေမဲ့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးတင်ထွေးကို အသုတ်နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကို ရေကြည်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၄ စီးနဲ့ ရေသယ်ယာဉ်တစီး အသုံးပြု မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်ပြီး မိနစ် ၅၀ ခန့်အကြာမှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မဈေးကြီးမှာ မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်း ၂၇၀ လောက် မီးလောင်ပြာကျ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။










