
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်က လူနေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းမှာ ကနီမြို့၊ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်က အမှိုက်နဲ့ ချုံနွယ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ရှင်းလင်းစဉ် ရပ်ကွက်အတွင်းက နေအိမ် ၁၇ လုံးကိုပါ မီးရှို့လိုက်တာလို့ ဆိုပါတယ်။
မီးရှို့ခံလိုက်ရတဲ့ နေအိမ်တွေဟာ ကနီမြို့သိမ်းတိုက်ပွဲ ပြုလုပ်တဲ့ အချိန်တည်းက လူမနေတဲ့အိမ်တွေ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ကနီမြို့ခံတယောက်က “အမှိုက်တွေရှင်းရင်း လူမနေတဲ့ အိမ်တွေကိုပါ မီးရှို့လိုက်တယ်လို့ ပြောပါတယ်။ အခု မြို့ထဲက ပညာ၊ ကျန်းမာ၊ စီးဘဏ်၊ မီးသတ်၊ ထွေအုပ် စတဲ့ဝန်ထမ်းတွေကို ဒီလကုန်ပို့မှာမို့လို့ မြို့သန့်ရှင်းရေးကို ကနီမှာနေတဲ့ စစ်သားတွေ ရဲတွေက လုပ်ပေးနေရတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း အမှတ် ၁ ဘောလုံးကွင်း အရှေ့ဘက်နဲ့ ရပ်ကွက် ၃ သစ်ထုတ်ရေးကွင်းနားတွေမှာ အမှိုက်မီးရှို့ခဲ့ကြသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။










