DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်အပါအဝင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေးစထိုးပေး
DVB
·
July 29, 2021
အင်းစိန်ထောင်အပါအဝင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေးစထိုးပေး
1 / 2
Donate to DVB

အင်းစိန်ထောင်က အကျဉ်းသားတွေ အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့  နေပြည်တော်မှာ ဇူလိုင် ၂၈ ရက်က စုစုပေါင်း အယောက် ၂၄၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေထိုးပေးခဲ့တယ်လို့ ဒီကနေ့ ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။

အင်းစိန်ထောင်က အကျဉ်းသားနဲ့ အချုပ်သား အယောက် ၆၁၀ ၊  နေပြည်တော်အချုပ်က အကျဉ်းသား အယောက်  ၃၆၀ ၊  နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်း၂၇၆ ယောက်၊ မန္တလေးတိုင်းက အသက် ၆၅ နှစ်နဲ့ အထက် ပြည်သူ  ၁၁၆၁ ယောက်တို့ကို ထိုးပေးခဲ့တာလို့ ဆိုပါတယ်။ 

ရန်ကုန်မြို့ အင်းစိန်ဗဟို အကျဉ်းထောင်မှာ အကျဉ်းသား/ အချုပ်သား အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၉၀၀၀ ကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေး သူတွေ စုစုပေါင်း ၂၅၀၀ ကျော်ရှိတယ်လို့လည်းဆိုပါတယ်။

အင်းစိန်ထောင်တွင်းမှာ ဇူလိုင် ၂၈ ရက်က အကျဉ်းသားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတဲ့အကြောင်း ဒီနေ့ထုတ်စစ်ကောင်စီရဲ့ The Global New Light of Myanmar သတင်းစာမှာ ရေးသားဖော်ပြရာမှာ ဖမ်းဆီးခံထားရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင်လည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ပါမောက္ခ ရှောင်တာနယ်လ်ရဲ့ ဓာတ်ပုံကိုလည်း ထည့်သွင်းဖော်ပြတာတွေ့ရပါတယ်။

ပါမောက္ခ ရှောင်တာနယ်လ်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စစ်ကောင်စီက စွဲချက်တင်ဖမ်းဆီးထားတာဖြစ်ပြီး ရှောင်တာနယ်လ်ဟာ မကြာသေးခင်က ဖျားနာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ခံစားနေရတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက ပြောထားပါတယ်။

အင်းစိန်ထောင်ထဲမှာ အချုပ်သားတွေကို အကြမ်းဖက်ရိုက်နှက်တာ၊ တိုက်ပိတ်တာ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသမှုမပေးဘဲထားတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးကိုမျက်ကွယ်ပြုပြီး ရာဇဝတ်မှုတွေကို  ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ လူ့အခွင့်အရေးသမားတွေက ဝေဖန်ခဲ့ပြီးနောက် အကျဉ်းထောင်တွင်း ကိုဗစ် ကာကွယ်ဆေးတွေစထိုးပေးနေတာပါ။ 

အင်းစိန်ထောင်တွင်းက စိုးရိမ်ထိတ်လန့်စရာ အခြေအနေတွေက လူမျိုးတုံးသတ်ဖြတ်နေတဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်ရဲ့ အကြင်နာမဲ့ ရက်စက်မှုတွေကို တဖန်ပြန်လည် ပြသနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက လည်း ပြောထားပါတယ်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင်မှာ  ဇူလိုင် ၂၃ ရက် မနက် နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ထောင်ထဲမှာ ဖျားနာသူတွေ များနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှု တွေကို လွှတ်ပေးပြီး ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှု များလာတာ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထောင်ထဲမှာ ဖမ်းဆီးခံထားရသူတွေ ကိုဗစ်-၁၉ ရောဂါပိုး မကူးစက်ရေးနဲ့ လုံလောက်တဲ့ကုသမှုရဖို့အတွက် စစ်ကောင်စီမှာ အပြည့်အဝတာဝန်ရှိကြောင်းနဲ့ ထောင်တွင်းအခြေအနေတွေကို ICRC လို နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်ရောက်စစ်ဆေးခွင့်ပြုဖို့  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း တောင်းဆိုထားပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ အင်းစိန်ထောင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှုခံယူခဲ့စဉ် ဇူလိုင် ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကျန်းမာရေးဌာနကတော့ မြန်မာနိုင်ငံ တဝန်းမှာ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းတွေ၊ ဘိုးဘွားရိပ်သာတွေမှာ ရှိတဲ့ အဘိုးအဘွားတွေ၊ သာသနာ့ဝန်ထမ်း ဘုန်းတော်ကြီးနဲ့ သီလရှင်တွေ၊ ဘဏ်ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံဝန်ထမ်းတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊  အကျဉ်းသား၊ အချုပ်သားတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကလူတွေ၊ ဆူပါမားကတ်နဲ့ ဈေးတွေက ဝန်ထမ်းတွေကို  ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဦးစားပေး ထိုးနှံပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

COVIDSHIELD အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုးမျိုးကို ၂ ကြိမ်ထိုးပြီးသူတွေ၊ လက်ရှိ ကိုဗစ်သံသယလူနာတွေနဲ့ အဖျားရောဂါရှိသူတွေ၊ ကိုဗစ်ကူးစက်ခံရတာ  ၆ လမပြည့်သေးတဲ့ လူနာတွေကိုတော့ ကာကွယ်ဆေးထိုးပေးမှာ မဟုတ်ဘူးလို့ လည်း ဆိုပါတယ်။

Photo-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013