DVB Logo
Home
မြန်မာသတင်း
ရုပ်အလောင်းကို စောင်၊ ဖျာများဖြင့် ထုပ်ပိုးပါက ရောဂါကူးစက်မှုပိုဖြစ်နိုင်
DVB
·
July 29, 2021
ရုပ်အလောင်းကို စောင်၊ ဖျာများဖြင့် ထုပ်ပိုးပါက ရောဂါကူးစက်မှုပိုဖြစ်နိုင်
Donate to DVB

အောက်ဆီဂျင်ကျပြီး သေဆုံးသူတွေဟာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးတာဖြစ်နိုင်တဲ့အတွက် ပိုးကူးစက်‌ပျံ့နှံ့မှု မရှိအောင် လူသေရုပ်အလောင်း  (Dead Body) အိတ်၊ ပလတ်စတစ်အိတ်တွေနဲ့ လုံအောင်ထုပ်ပိုးဖို့ အရေးကြီးတယ်လို့ အထွေထွေအထူးကုသမားတော်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးကူးစက်မှုတွေ မြင့်တက်နေတာနဲ့အမျှ ကိုဗစ်ကြောင့် သေဆုံးမှုတွေလည်း မြင့်တက်နေတာပါ။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် CDM ဝင်ခဲ့ကြပြီး အဲဒီကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာတွေနဲ့ ကိုဗစ်စင်တာတွေကို စစ်ကောင်စီက ဖျက်သိမ်းပစ်ခဲ့တာဟာ လက်ရှိကိုဗစ်ကူးစက်မှု ပိုဆိုးရွားနေရတာလို့ ပညာရှင်တစ်ချို့ကတွေက ဝေဖန်ပြောဆိုထားပါတယ်။

လက်ရှိ ဆေးရုံတွေ၊ ကွာရန်တင်းစင်တာတွေက လက်ခံကုသပေးမှု သိပ်မရှိတာကြောင့် ပြည်သူတွေဟာ နေအိမ်တွင်း ကိုယ်ထူကိုယ်ထ ကုသနေကြပေမယ့် အောက်ဆီဂျင်ကျပြီးသေဆုံးမှုတွေက ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သေဆုံးမှုတွေမြင့်တက်ခဲ့ချိန်က အလောင်းတွေ ထပ်ပြီး သယ်ဆောင်ခဲ့ရသလို့ Dead Body အိတ်တွေ မလုံလောက်တာကြောင့် အိမ်သားတွေ ထုပ်ပိုးထားတဲ့အတိုင်းသာ သယ်ဆောင်ခဲ့ရတယ်လို့ ပရဟိတအသင်းတစ်ချို့က ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တဦးက “တစ်ချို့ကျ အိမ်မှာ ရှိတဲ့စောင်၊ ဖျာတွေနဲ့ ပတ်ထားတာပေါ့။ DB (အလောင်း) အိတ်တွေလည်း အလွယ်တကူ မရနိုင်တော့။ ကျနော်တို့က DB အိတ်နဲ့ သေချာသယ်ပေးပါတယ်။ ရောက်တာနဲ့ ပိုးသတ်ဆေးဖျန်း၊ သေချာထုပ်ပိုးပြီး DB အိတ်ထဲထည့်။ သေစာရင်း စာရွက်စာတမ်းလုပ်ပြီး သုသာန်ပို့ဆောင်ပေးတာပေါ့” လို့ ပြောပါတယ်။

အဖြူရောင်ကမ်းလက်ပရဟိတအသင်းဝင်တဦးကလည်း “သူတို့ကတော့ အိမ်မှာ ရှိတဲ့စောင်တွေ၊ ဖျာလေးတွေနဲ့ပဲ ထုပ်ပိုးတာပေါ့။ ကျနော်တို့ကတော့ DB အိတ်နဲ့တော့ သယ်ပေးတယ်။ ဒါပေမဲ့ တခါတလေ DB အိတ်မပါဘဲ ဒီအတိုင်းသယ်ရတာလည်း ရှိတယ်။” 

အောက်ဆီဂျင်ကျပြီး သေဆုံးသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးတာ ဖြစ်နိုင်တဲ့အတွက် ကူးစက်ပြန့်ပွားမှု မရှိအောင် Dead Body အိတ် ဒါမှ မဟုတ် ပလတ်စတစ်အိတ်နဲ့ လုံအောင် ထုတ်ပိုးဖို့ လိုအပ်တယ်လို့ အထွေထွေအထူးကု သမားတော်တစ်ဦးက ပြောပါတယ်။

“အောက်စီဂျင်ကျပြီးသေဆုံးတာဆိုရင် ကိုဗစ်ကြောင့် သေတာဖြစ်နိုင်တယ်။ ဒီတော့ သေဆုံးလူနာကို DB အိတ်နဲ့ သေချာသယ်ဆောင်ဖို့လိုတယ်။ DB အိတ်မရှိရင် ပလပ်စတစ်အိတ်နဲ့ သေချာ ထုတ်ပိုးပြီးတော့ သယ်ဆောင်သင့်တယ်။ အခြားကိုကူးစက်မှု နည်းသွားအောင်ပေါ့။ ဒီအတိုင်းစောင်တွေ၊ ဖျာတွေနဲ့ပဲ ပတ်ပြီး သုသာန်တွေမှာ သွားသင်္ဂြိုဟ်တာက အန္တရာယ်များပါတယ်။ ပိုးကူးစက်မှု ပိုဖြစ်စေတာပေါ့။”

ပြီးခဲ့ ဇွန်လလယ်ပိုင်းက အောက်ဆီကျပြီး သေဆုံးမှုတွေများခဲ့သလို ပရဟိတအသင်းတွေက အလောင်းတွေထပ်ပြီး သယ်ဆောင်ခဲ့ရကာ တချို့ပြည်သူတွေက သေဆုံးသူကို စောင်၊ ဖျာတွေနဲ့ပဲ ပတ်ပြီး သယ်ဆောင်ခဲ့တာတွေလည်းတွေ့ရပါတယ်။ 

ဇူလိုင် ၂၈ တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၆၅ ယောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈,၂၁၀ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၈၄,၀၉၉ ယောက်ရှိပြီလို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆေးရုံမှာသေဆုံးပြီး ဓာတ်ခွဲစစ်ဆေးထားသူတွေကိုပဲ ကိုဗစ်ကြောင့်သေဆုံးစာရင်းထဲ ထည့်တာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ပြောထားပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိုဗစ်ကြောင့် သေဆုံးသူစာရင်းဟာ လက်ရှိမြေပြင်နဲ့ ကွာခြားမှုတွေ ရှိနေတယ်လို့လည်း ပရဟိတအသင်းတွေက ပြောပါတယ်။

ဒီဗွီဘီက ပရဟိတအဖွဲ့တွေဆီက ရရှိတဲ့စာရင်းအရ ရန်ကုန်မြို့ရှိ သုသာန် ၄ ခုမှာ ဇူလိုင် ၂၈ ရက်နေ့ တရက်တည်း မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၈၀၀ နီးပါးရှိပြီး ရေဝေးမှာ ရုပ်အလောင်း ၄၀၀ ကျော်၊ ထိန်ပင်မှာ ၂၀၀ ကျော်၊ ကျီစု မှာ ၆၀ ဝန်းကျင်၊ ကျူချောင်းမှာ ၁၁၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013