DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ အရေးပေါ်အခြေအနေနှင့် အပစ်အခတ်ရပ်စဲရေး တွန်းအားပေးရန် ကုလ အထူးကိုယ်စားလှယ် တောင်းဆို
DVB
·
July 28, 2021
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ အရေးပေါ်အခြေအနေနှင့် အပစ်အခတ်ရပ်စဲရေး တွန်းအားပေးရန် ကုလ အထူးကိုယ်စားလှယ် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ အရှိန်ပြင်းပြင်း ဆက်လက်ပေါက်ကွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကောင်စီအုပ်စုကလည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားတွေအပေါ် ဆက်လက်တိုက်ခိုက်နေတာကြောင့် ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံကို ဆက်လက်ဆိုးရွားစေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကို တိုက်ဖျက်ဖို့ အလွန်အမင်း လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်တွေကို အသေအကျေ ဆန့်ကျင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီအုပ်စုကို တိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို တနည်းတလမ်း အရေးယူလုပ်ဆောင်ဖို့ အပါအဝင် ကုလသမဂ္ဂရဲ့ သုံးစွဲခွင့်ရှိသမျှ အရာအားလုံးကို အသုံးပြုဖို့ အဖွဲ့ဝင်နိုင်ငံတွေအတွက် အလောတကြီး လိုအပ်နေပြီလို့လည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က အလေးပေး ပြောကြားပါတယ်။ 

မြန်မာပြည်မှာ မသေသင့်ဘဲ သေဆုံးသွားရသူတွေ အများကြီးရှိပြီး ကုလသမဂ္ဂရဲ့ ဘာမှ အရေးယူ ဆောင်ရွက်ပေးမှု မရှိဘဲ နောက်ထပ်အများကြီး သေဆုံးရလိမ့်မယ်လို့ တွမ်အင်ဒရူးစ်က သတိပေး ပြောကြားခဲ့ပါတယ်။ 

ကိုဗစ်-၁၉ အကျပ်အတည်းအတွင်း စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက် နှောင့်ယှက်မှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂက ချက်ချင်း အရေးယူ ဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။ 

မြန်မာစစ်အုပ်စုအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ တိုက်ခိုက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့ တိုက်တွန်းခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာကြောင်း ပြသရမယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီအုပ်စုအတွက် အကောင်းဆုံး ထွက်ပေါက်နည်းလမ်းကတော့ အာဏာယူ ထားတာကနေ ပြန်ပေးလိုက်ဖို့ ဖြစ်ပြီး၊ ဒါမှသာ တရားဝင် အရပ်သားအစိုးရက ကိုဗစ်-၁၉ အကျပ်အတည်းကို ပူးပေါင်းညှိနှိုင်းမှုနဲ့ တုံ့ပြန်ဖို့ ဦးဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ချက်ချင်းလုပ်ဆောင်နိုင်ဖို့အတွက် စစ်တပ်အုပ်စုက မရပ်မနား တိုက်ခိုက်နေမှုတွေနဲ့ ဖမ်းဆီးနေမှုတွေကို ချက်ချင်းအဆုံးသတ်ရမယ်လို့လည်း ဆိုပါတယ်။ 

ဒါကို ဆောင်ရွက်နိုင်ဖို့ မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂနဲ့ သူ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခိုင်မာအားကောင်းပြီ မူဘောင်ညီတဲ့ အရေးယူဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ လိုအပ်နေတာလို့ နိဂုံးချုပ် ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013