DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ ရေကြီး၊ တောင်ပြိုမှုကြောင့် ၂ ဦးသေဆုံး၊ ဒေသခံ ၁၀၀၀ ကျော် သဘာဝဘေးဒဏ် ခံစားနေရ
DVB
·
July 27, 2021
မွန်ပြည်နယ်၌ ရေကြီး၊ တောင်ပြိုမှုကြောင့် ၂ ဦးသေဆုံး၊ ဒေသခံ  ၁၀၀၀ ကျော် သဘာဝဘေးဒဏ် ခံစားနေရ
Donate to DVB

မွန်ပြည်နယ်မှာ ရေကြီး၊ တောင်ပြိုမှုကြောင့်  ဒေသခံပြည်သူ  ၁၀၀၀ ကျော် သဘာဝဘေးဒဏ် ခံစားခဲ့ရပြီး၊  ၂ ဦး သေဆုံးသွားကာ ရေဘေးသင့် ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီဘက်က ကူညီတာမရှိလို့ ပြည်သူမှ ပြည်သူ့သို့ အချင်းချင်း ကူညီနေရတယ်။ 

ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်အတွင်း ၂ ရက် ဆက်တိုက် ရွာသွန်းခဲ့တဲ့ မိုးကြောင့် မွန်ပြည်နယ်တဝန်း ကျိုက်ထိုမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၉ မြို့နယ်မှာ ရေကြီးတာ ၊ တောင်ပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  

ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းမှာတော့ ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက်နဲ့ ချောင်းဆုံမြို့နယ် ကဒါ၊ ကွမ်ရိုက်၊ တော်ကနာ ကျေးရွာတွေမှာ တောင်ပြိုမှု ဖြစ်ပေါ်ခဲ့တာပါ။

တောင်ပြိုမှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကာ ပေါင်မြို့နယ်က ပြည်သူ ၁ ဦး နဲ့ ချောင်းမြို့နယ်က ပြည်သူ ၁ ဦး ၊ စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ ရှာဖွေ ကယ်ဆယ်တာတွေ လုပ်ဆောင်ပေမယ့် တောင်ပြိုတဲ့မြေ ပျော့ဝင်လာလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားတယ်လို့ ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာတော့ ရေးအနည်းငယ် ပြန်လည် ကျဆင်းခဲ့ပေမယ့် ကယ်ဆယ်ရေးစခန်းတွေနဲ့ နေအိမ်တွေမှာ ရေဘေးသင့်ပြည်သူတွေ ၁၀၀၀ ကျော် ခိုလှုံနေရဆဲ  ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်နယ်တစ်ခုလုံးမှာ ယာယီကယ်ဆယ်ရေးစခန်း ၆ ခုထက်မနည်း ဖွင့်လှစ်ထားပါတယ်။

ရေဘေးသင့်ပြည်သူတွေရဲ့ စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးကို အာဏာသိမ်း ထားတဲ့ စစ်ကောင်စီက ကူညီပေးတာမရှိဘဲ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး ဆောင်ရွက်ပေးနေရပါတယ်။

ရေဘေးသင့် ပြည်သူတွေကို စစ်ကောင်စီက ကူညီထောက်ပံ့တာ မတွေ့ရသေးသလို လာရောက် ကြည့်ရှုတာ မရှိဘူးလို့ ရေဘေးသင့်ပြည်သူတစ်ဦးကပြောပါတယ်။

အခုအခါ မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ကျိုက်မရော၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်တို့မှာ ရေ အနည်းငယ် ပြန်လည် ကျဆင်းလာခဲ့ပေမဲ့ တချို့နေရာတွေမှာ ရေ ကျဆင်းသွားခြင်း မရှိသေးပါဘူး။

မွန်ပြည်နယ်ရဲ့ ကားလမ်းမတွေမှာတော့ ရေပြန်လည် ကျဆင်းသွားတဲ့အတွက်ကြောင့် ပုံမှန်အတိုင်း သွားလာလို့ ရနေပြီ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ ရေကြီး၊တောင်ပြိုတာအပြင် ကိုဗစ်တတိယလှိုင်းကို တခြားတိုင်းနဲ့ပြည်နယ် နည်းတူ အကြီးအကျယ်ခံစားနေရသလို နေ့စဉ် သေဆုံးသူတွေလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။

ရေကြီးနေတာကြောင့် နေအိမ်မှာ ကုသနေရင် သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေ ကယ်ထုတ်ရာမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

မွန်ပြည်နယ်ဟာ အခုနောက်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ နေ့စဉ်နဲ့အမျှ တွေ့ရှိလာနေသလို နေအိမ်မှာ ကြိတ်ပြီး ကုသရင် သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေလည်း တရက်ကို ဆက်တိုက်မြင့်နေပါတယ်။ 

မွန်ပြည်နယ်မှာတစ်ရက်ကို ကိုဗစ်လူနာ ၄၀ ကျော် သေဆုံးနေပြီး ဒေသခံ ပြည်သူတွေဟာ ကိုဗစ်တတိယလှိုင်းနဲ့အတူ သဘာဝဘေးဒဏ်ကိုပါရင်ဆိုင်နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013