DVB Logo
Home
မြန်မာသတင်း
ထီးလင်း၊ ပခုက္ကူနှင့် ခင်ဦးမြို့နယ်တို့တွင် ပစ်ခတ်သတ်ဖြတ် ဗုံးခွဲမှုများဖြစ်ပွား
DVB
·
July 27, 2021
ထီးလင်း၊ ပခုက္ကူနှင့် ခင်ဦးမြို့နယ်တို့တွင် ပစ်ခတ်သတ်ဖြတ် ဗုံးခွဲမှုများဖြစ်ပွား
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်မှာ  ဇူလိုင်  ၂၆ ရက်နေ့ညက စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တစ်ယောက် အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးလင်းမြို့နယ် အင်းနားရွာနေ နိုင်အောင်စိုးကို ည ၁၂ နာရီလောက်က သေနတ်နဲ့ ၂ ချက်ပစ်ပြီး  သတ်သွားတာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

သေဆုံးသူနိုင်အောင်စိုးဟာ အကြမ်းဖက်စစ်ကောင်စီ တပ်တွေနဲ့ ယောဒေသ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုကို PDF အဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ စဥ်ဆက်မပြတ် သတင်းပေးဒလန်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ထီးလင်းမြို့နယ်ဘက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ YDF အဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီးတော့ ဒေသခံပြည်သူတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့မှာလည်း စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကို PKU-GZ အဖွဲ့က လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့လို့ အပြင်းထန်ဒဏ်ရာရသွားပါတယ်။

ဇူလိုင်လ ၂၆ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန် ကိုတင်ကိုရဲ့ နေအိမ်ကို  လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့  ဗုံးထိမှန်ပြီးတော့ ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့ PKU-GZ ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကိုတင်ကိုဟာ အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေး ဆန္ဒပြပွဲတွေရှိချိန်ကတည်းက ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေပြီးတော့ လက်ရှိအချိန်ထိ သူကြောင့် ဒုက္ခရောက်ရတဲ့သူတွေ မနည်းတော့ဘူးလို့ ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။

PKU-GZ ပြောက်ကျားတပ်ဖွဲ့အနေနဲ့  ဇူလိုင်လ ၂၆ ရက် နေ့ လည်ပိုင်းမှာလည်း အမှတ် ၁၅ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကိုလည်း လက်လုပ်ဗုံး ၂ လုံးပစ်ပေါက်ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း  ခင်ဦးမြို့နယ် ယောက်သွားအိုင်ကျေးရွာမှာလည်း  ဇူလိုင် ၂၅ ရက်နေ့က အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။  

သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ကိုစန်းဝင်းကြည်ဆိုသူလို့ သိရပြီး အဲဒီနေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ရွာအပြင်ဘက် နွားကျောင်းနေချိန် လူတစ်စုက လာရောက် သေနတ်နဲ့  ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ရွာခံတွေက  ဆိုပါတယ်။

''ကျနော်တို့ တောကပြန်လာတော့ ကလေးတွေပြောလို့ သိရလို့သွားကြည့်တဲ့ အချိန်မှာ သေနတ်မှန်ထားတဲ့ဒဏ်ရာရော ဓားနဲ့ခုတ်ထားတဲ့ ဒဏ်ရာတွေနဲ့ မြေပြင်မှာလဲကျနေတာ တွေ့ခဲ့ရတယ်''လို့ မျက်မြင် ရွာသားတစ်ဦးက ပြောပါတယ်။

ကိုစန်းဝင်းကြည်ကို ဘယ်သူက သတ်သွားတယ်၊ ဘာကြောင့် အသတ်ခံရတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013